ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏  ရိက္ခာတင်ရေယာဉ် (၅) စီးကို   စစ်ကိုင်း PDF အဖွဲ့တိုက်ခိုက်

ချင်းတွင်းမြစ်ကြောင်းမှ တပ်ရိက္ခာတင်လာသည့် ရေယာဉ် (ဓါတ်ပုံ - CJ)
ချင်းတွင်းမြစ်ကြောင်းမှ တပ်ရိက္ခာတင်လာသည့် ရေယာဉ် (ဓါတ်ပုံ - CJ)
ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏  ရိက္ခာတင်ရေယာဉ် (၅) စီးကို   စစ်ကိုင်း PDF အဖွဲ့တိုက်ခိုက်
By Tachileik News Agency

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့မှ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏  ရိက္ခာတင်ရေယာဉ် (၅) စီးကို စစ်ကိုင်း PDF အဖွဲ့က ၂၀၂၁ ခုနှစ်၊ မေလ (၂၅) ရက်နေ့ နံနက် (၉) နာရီဝန်းကျင်တွင် တိုက်ခိုက်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရသည်။

ကနီမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်လက်နက်ပစ္စည်းများနှင့် ရိက္ခာများတင်ဆောင်လာသည့် ဖလက်မော်တော် (၃) စီး၊ အမြန်ရေယာဉ် (၂) စီးကို မြွေပိုင်းတောင်အကျော်တွင် စစ်ကိုင်း PDF အဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ ကင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကူလာရောက် တိုက်ခိုက်ကြကြောင်း သိရသည်။

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရေယာဉ်များဖြင့် လက်နက်၊ ရိက္ခာနှင့် တပ်ဖွဲ့ဝင်များ သယ်ယူပို့ဆောင်မှုများကို ဆက်တိုက်ပြုလုပ်နေပြီး မေလ (၆) ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်တင်ဆောင်လာသည့် မော်တော် (၁) စီးကို ဒေသခံ PDF တပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ပြီး ခဲယမ်းများကို ရေမျှောဖျက်စီးခဲ့ကြောင်း သိရသည်။

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူရွေးကောက်ထားသည့် အစိုးရအား ဖမ်းဆီးကာ နိုင်ငံ့အာဏာသိမ်းလိုက်သဖြင့် ပေါ်ပေါက်လာသည့် နိုင်ငံတစ်ဝန်းမှ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများကို အာဏာသိမ်းအဖွဲ့က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ရာမှ ဒေသအသီးသီးတွင် ရရာလက်နက်ဖြင့် ခုခံတွန်းလှန်သည့် PDF အဖွဲ့များ ထွက်ပေါ်လာကြခြင်းဖြစ်သည်။