အရေးပေါ်ကာလကျော်လွန်ပါက ရွေးကောက်ပွဲပြန်ကျင်းပမည်ဟု တပ်မတော် သတင်းထုတ်ပြန်

အရေးပေါ်ကာလကျော်လွန်ပါက ရွေးကောက်ပွဲပြန်ကျင်းပမည်ဟု တပ်မတော် သတင်းထုတ်ပြန်
ဖေဖော်ဝါရီ 1, 2021 | နိုင်ငံရေး
By Tachileik News Agency

တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အာဏာသိမ်းလိုက်ပြီးနောက် အရေးပေါ်ကာလ (၁) နှစ်ပြီးပါက ရွေးကောက်ပွဲ ပြန်ကျင်းပမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသော အထွေထွေရွေးကောက်ပွဲအား ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားနေသည်ကို  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းရန် ပျက်ကွက်ခြင်း၊ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူ၍ ဖြေရှင်းပေးရန် တောင်းဆိုခြင်းအား လုပ်ဆောင်ပေးရန် ပျက်ကွက်ခြင်းနှင့် နိုင်ငံတော်သမ္မတအား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူဖြေရှင်းပေးရန် (၂) ကြိမ် တင်ပြခဲ့သော်လည်း ပျက်ကွက်ခြင်းတို့ကြောင့် တပ်မတော်က အာဏာသိမ်းပြီး နိုင်ငံအရေးပေါ်အခြေအနေ ကြေညာခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ယင်းအပြင် ဖြစ်ပွားနေဆဲဖြစ်သည့် Covid-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည့်အပြင် Covid-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံး ကုစားသွားမည်ဟုလည်း ဖေါ်ပြထားသည်။

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်ဟုလည်း ဖေါ်ပြထားသည်။

Tachileik News Agency