KNC ပါတီ ဥက္ကဌ ဒေါက်တာ အမ်ကောန်လ ပြန်လည်လွတ်မြောက်လာ

KNC ပါတီ ဥက္ကဌ ဒေါက်တာ အမ်ကောန်လ ပြန်လည်လွတ်မြောက်လာ
By Tachileik News Agency

အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် (၂) နှစ်ချမှတ်ထားသည့် ကချင်အမျိုးသားကွန်ဂရက် (KNC)ပါတီဥက္ကဌ ဒေါက်တာအမ်ကောန်လသည် ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

ဒေါက်တာ အမ်ကောန်လကို အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲက ၂၀၂၁ ခုနှစ်   ဩဂုတ်လ (၂၅) ရက်နေ့ ညနေ (၄) နာရီအချိန်ခန့်တွင် နေပြည်တော်ရှိ ဒေါက်တာ အမ်ကောန်လ၏ ဆေးခန်းသို့ အရပ်ဝတ်များဖြင့်လာရောက်ကာ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ 

ယင်းနောက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅ - က ဖြင့် တရားစွဲဆိုပြီး  ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်တွင် ထောင်ဒဏ် (၂) နှစ်ချမှတ်ကာ မြစ်ကြီးနားအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ အမ်ကောန်လသည်   ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး  ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မိုးမောက်မြို့နယ် အမျိုးသားလွတ်တော် မဲဆန္ဒနယ် အမှတ် (၄) မှ   ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။

ဒေါက်တာ အမ်ကောန်လသည် စစ်အာဏာသိမ်းပြီးနောက် ကချင်နိုင်ငံရေးပါတီအချို့မှ ခေါင်းဆောင်များ၊ တသီး ပုဂ္ဂလ ကချင်အရေး တက်ကြွ လှုပ်ရှားသူများ ပါဝင်ဖွဲ့စည်းထားသည့် ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (Kachin People’s Political Front-KPPF) ၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။