ကျိုင်းတုံမြို့တွင် ကားတစ်စီး ဘရိတ်ပေါက်ပြီး တိမ်းမှောက်ရာမှ ပညာရေးဝန်ထမ်း (၃)ဦး သေဆုံး

ကျိုင်းတုံမြို့တွင် ကားတစ်စီး ဘရိတ်ပေါက်ပြီး တိမ်းမှောက်ရာမှ ပညာရေးဝန်ထမ်း (၃)ဦး သေဆုံး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်အတွင်း ကျိုင်းတုံ - မိုင်းဆတ်လမ်း (၈) မိုင်လမ်းဆုံတွင် မော်တော်ယာဉ်တစ်စီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ နေ့လယ်ပိုင်းက တိမ်းမှောက်၍ ကျိုင်းတုံတက္ကသိုလ်မှ ဆရာမ (၃)ဦး သေဆုံးသွားသည်။ 

သာယာကုန်းရွာအနီးမှာပေါ့။ သာယာကုန်းရွာ (၈) မိုင်လမ်းဆုံလို့ ခေါ်တာပေါ့။ အဲဒီနားမှာ ဖြစ်သွားတာ။ ကားက ဘရိတ်ပေါက် အရှိန်လွန်ပြီးတော့ လမ်းဘေးလဲသွားတာ။ ကျိုင်းတုံတက္ကသိုလ်က ဆရာ၊ ဆရာမတွေ အသစ်ရောက်တာတွေ ဘုရားဖူးသွားကြတယ် ပြောတယ်။ ဆရာမ (၃) ဦး သေတယ်။ ကျန်တာကတော့ ဆေးရုံတက်ရပေမဲ့ စိတ်မပူရပါဘူး

ဟု အမှတ် (၁၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျိုင်းတုံခရိုင်) မှ  ရဲအုပ်ထွန်းအောင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံ - မိုင်းဆတ်လမ်း ကျိုင်းတုံမြို့မှ (၈) မိုင်ခန့်အကွာတွင် နေ့လယ် (၁) နာရီဝန်းကျင်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်တွင် အမျိုးသမီး (၅)ဦး၊ အမျိုးသား (၄)ဦးနှင့် ယာဉ်မောင်း (၁)ဦး စုစုပေါင်း (၁၀) ဦးစီးနင်းလိုက်ပါလာခဲ့သည့်အနက် အမျိုးသမီး (၃) ဦး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးအဖွဲ့ နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ သွားရောက် ကူညီလုပ်ဆောင်ပေးခဲ့ကြပြီး သေဆုံးသည့် ရုပ်အလောင်းများအား တိုင်းနေနာရေးကူညီမှုအသင်းမှ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်ထိန်းတပ်ဖွဲ့က အခင်းဖြစ်နေရာအား စစ်ဆေးပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency

ဓါတ်ပုံ - တိုင်းနေနာရေးကူညီမှုအသင်း

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။