ကျိုင်းတုံမြို့အဝင် နောင်နွန်းဂိတ်တွင် CCTV တပ်ထား၍ သွားလာ ပုံရိုက် သတိရှိရန် ဒေသခံများ အသိပေး

ကျိုင်းတုံမြို့အဝင် နောင်နွန်းဂိတ်တွင် CCTV တပ်ထား၍ သွားလာ ပုံရိုက် သတိရှိရန် ဒေသခံများ အသိပေး
ဒီဇင်ဘာ 16, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်း တာချီလိတ် ဘက်မှ လာသည့် ကျိုင်းတုံမြို့အဝင်  နောင်နွန်းဂိတ်တွင် CCTV များ တပ်ဆင်ထားပြီဖြစ်ကြောင်း သိရသည်။

နောင်နွန်းဂိတ်အနီးနားတစ်ဝိုက်မှာ CCTV တွေ တပ်ထားကြတယ်။ အသိတွေအနေနဲ့ အဲ့နားမှာဓါတ်ပုံ ရိုက်တာတို့ ဘာညာဆို သတိထားရအောင်လို့ပါ။ ဒီရက်ပိုင်းက တပ်တာလို့ သိရတယ်

ဟု ကျိုင်းတုံ ဒေသခံတစ်ဦးက Tachileik News Agency သို့ အသိပေးပြောကြားလာသည်။ 

ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်မှု လျော့ကျသွားသော်လည်း နောင်နွန်းဂိတ်တွင် လာသမျှ စစ်ဆေးနေမှုကြောင့် တောင်ပေါ် ဒေသမှ တိုင်းရင်းသားများမှ ဈေးဝယ်ရန် လာရောက်မှု လျော့နည်းလာကြောင်းလည်း သိရသည်။

နှာခေါင်းနှိုက်စစ်တာလည်း လုပ်တယ်။ တခါတလေ တစ်ရက်ကို (၂)ခေါက်လောက် စစ်တယ်။ တောင်ပေါ်က တိုင်းရင်းသားတွေဆိုရင် အရေးနဲ့အကြောင်းတောင် မလာရဲကြတော့ဘူး။ တောင်ပေါ်သူ တောင်ပေါ်သားတွေက အရေးကိစ္စရှိမှပဲ မြို့ထဲ ဆင်းလာတာ၊ ဘုမသိ ဘမသိ အဲ့လိုစစ်ခံရတော့ သူတို့အတွက် အဆင်မပြေဘူး။ အဲ့လို စစ်လို့ တောင်ပေါ်က ဆင်းပြီး ဈေးဝယ်မလာတော့တာလည်း များတယ်။ ဒေသကို အုပ်ချုပ်နေတဲ့ လူတွေလည်း ဘယ်လို လုပ်နေလဲမသိတော့ဘူး

ဟု ဒေသခံ တစ်ဦးက ပြောသည်။

ကျိုင်းတုံမြို့တွင် စစ်ဆေးမှုများအနေဖြင့် လေယာဉ်ကွင်းအကျော်၊ ကျိုင်းတုံ - မိုင်းလားလမ်းဘက်တို့တွင်လည်း စစ်ဆေးမှုများရှိနေပြီး မြို့တွင်း အချို့နေရာများတွင်လည်း CCTV တပ်ဆင်ထားမှုများလည်းရှိကြောင်း သိရသည်။