မကွေးတိုင်းတွင် တစ်နေ့အတွင်း COVID 19 အတည်ပြုလူနာ ၁၂၄ ဦးအထိ စံချိန်တင်တွေ့ရှိ

မကွေးတိုင်းတွင် တစ်နေ့အတွင်း COVID 19 အတည်ပြုလူနာ ၁၂၄ ဦးအထိ စံချိန်တင်တွေ့ရှိ
ဇန်နဝါရီ 31, 2021 | Covid-19| အခြားဒေသများ

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့ တစ်နေ့တည်း၌ COVID-19 အတည်ပြုလူနာ စံချိန်တင် (၁၂၄) ဦး ထပ်တိုးတွေ့ရှိရ၍ တိုင်းအတွင်း စုစုပေါင်း ပိုးတွေ့ အတည်ပြုလူနာ (၃၅၀၂)ဦးအထိ ရှိလာပြီး သေဆုံးသူ(၁၅)ဦးအထိ ရှိလာသည်။

မကွေးတိုင်းဒေသကြီးအတွင်း (၂၅) မြို့နယ်ရှိသည့်အနက် မြို့နယ် (၁၇) ခုတွင် ပိုးတွေ့လူနာများ တွေ့ရခြင်းဖြစ်ပြီး တစ်နေ့အတွင်း ထပ်တိုးလူနာများအဖြစ် အောင်လံ (၃၀)ဦး၊ ချောက် (၄)ဦး၊ ဂန့်ဂေါ (၇)ဦး၊ မင်းဘူး (၁)ဦး၊ မင်းလှ (၁)ဦး၊ မြိုင် (၂)ဦး၊ မြိူ့သစ် (၂)ဦး၊ ပခုက္ကူ (၂) ဦး၊ ပွင့်ဖြူ (၁) ဦး၊ စလင်း (၁၄)ဦး၊ ဆော (၂)ဦး၊ ဆိပ်ဖြူ (၃)ဦး၊ တောင်တွင်းကြီး (၂) ဦး၊ သရက် (၁) ဦး၊ ရေနံချောင်း (၁) ဦး၊ မကွေး (၂၈)ဦးနှင့် ငဖဲ (၂၃) ဦးကို တွေ့ရခြင်းဖြစ်သည်။

ပိုးတွေ့လူနာနဲ့ ထိတွေ့ကူးစက်ခံရသူ အရေအတွက်နဲ့ အနံ့ပျောက်လက္ခဏာရှိသူ အရေအတွက် ပိုများလာပါတယ်။ ဒီနေ့တွေ့ရှိတဲ့ (၁၂၄) ဦးအနက် (၈၂) ဦးက Positive လူနာနဲ့ ထိတွေ့ ကူးစက်ခံရတာဖြစ်ပြီး အနံ့ပျောက်လက္ခဏာရှိသူက (၁၀) ဦး၊ စောင့်ကြည့်သံသယလူနာက (၃) ဦးနဲ့ ကျန်သူတွေက ရန်ကုန်၊ မန္တလေးပြန် Quarantine Centre ဝင်နေသူတွေ ဖြစ်ပါတယ်

ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းအတွင်းရှိ မြို့နယ် (၂၅) ခုလုံးတွင် Positive လူနာများတွေ့ရှိနေပြီး ဇန်နဝါရီလ (၃၀) ရက်နေ့က မြို့နယ်(၁၇) မြို့နယ်တွင် ထပ်တိုးလူနာများ တွေ့ရှိခြင်းဖြစ်သည်။

ပိုးတွေ့လူနာများလာသည့် မကွေးမြို့ပေါ် ရပ်ကွက်အချို့ရှိ လမ်းတစ်ချို့နှင့် ငဖဲမြို့တို့အား အသွားအလာကန့်သတ်ထားပြီဖြစ်ကြောင်း သိရသည်။

မကွေးမြို့ပေါ်က အစုလိုက်တွေ့ရတဲ့ သိင်္ဂါရပ်ကွက်က လမ်းအချို့နဲ့ ငဖဲမြို့ ကို အသွားအလာကန့် သတ်ထားပြီး မြဝတီဘဏ်ကိုလည်း ကန့်သတ်မှုလုပ်ဖို့ရှိပါတယ်။ တစ်ချို့က စည်းကမ်းတင်းကြပ်ရေး အစီအမံလျော့ရဲတယ်ဆိုပြီး အုပ်ချုပ်ရေးပိုင်းကို အပြစ်တင်နေတာ သိပါတယ်။ တစ်ဖက်ကလည်း စီးပွားကုန်စည်ကိစ္စရပ်တွေကို စဉ်းစားရမယ့် လူမှုအခြေအနေတွေရှိနေလို့ ပြည်သူတွေ ကာကွယ်ဆေး မထိုးရသေးခင် အားတင်းပြီး ကျန်းမာရေးစည်းကမ်းချက်တွေနဲ့အညီ သွားလာနေထိုင်ပေးကြဖို့ တိုက် တွန်းလိုပါတယ်

ဟု မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်က ပြောသည်။

ဇန်နဝါရီလ (၂၉) ရက်နေ့က Positive Contact များနှင့် Positive လူနာများကို သယ်ပို့ပေးနေရသည့် KS Rescue Magway မှ Volunteer (၅)ဦး ကိုဗစ်ပိုးတွေ့ရှိခဲ့ကာ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် ပိုးတွေ့သူများအနက် သဒ္ဒါရှင် ရှင်သန်မှုကူညီရေးအသင်းမှ Volunteer (၁)ဦး၊ (၁၀) လသားအရွယ် ကလေးငယ် (၁)ဦး၊ မြဝတီဘဏ်မှ ဝန်ထမ်း (၈) ဦးနှင့် ကာကွယ်ဆေးထိုးပြီးသူ ချောက်မြို့မှ အား/ကာဝန်ထမ်း (၁) ဦးလည်း ပါရှိကြောင်း သိရသည်။



Tachileik News Agency

ဓာတ်ပုံ-ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...