မိုခါ မုန်တိုင်းက စစ်တွေမြို့အနီး စတင်ဖြတ်ကျော် ဝင်ရောက်နေ

မိုခါ မုန်တိုင်းက စစ်တွေမြို့အနီး စတင်ဖြတ်ကျော် ဝင်ရောက်နေ

 အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှ ယနေ့ ၂၀၂၃ခုနှစ် မေလ(၁၄)ရက်နေ့ နေ့လည် (၁၂)နာရီတွင်  စတင်ဖြတ်ကျော်ဝင်ရောက်နေပြီး အညိုရောင်အဆင့်သက်မှတ်ကြောင်း မိုးဇလက ထုတ်ပြန်သည်။

 “မိုခါ” သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး မုန်တိုင်း၏ ဗဟိုချက်သည် နေ့လယ်ပိုင်းတွင် စစ်တွေမြို့အနီးမှ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် မိုင်(၁၃၀)မှ (၁၃၇)မိုင်နှုန်းခန့် ဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ဆိုသည်။

ထို့နောက် မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ဆီသို့ အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်း “မိုခါ” အနေဖြင့် ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းထားသည်။

"မုန်တိုင်းရဲ့ရှေ့ပိုင်း ကုန်းတွင်း ဝင်ပြီးတဲ့အခါ မုန်တိုင်းမျက်စေ့ဝင်လာရင် ရုတ်တရက် လေတွေငြိမ်ပြီး ကောင်းကင် ကြည်လင်သွားနိုင်ပါတယ်၊ မုန်တိုင်းပြီးပြီ အထင်နဲ့ အပြင်မထွက်ကြပါနဲ့ မိနစ် (၂၀) မိနစ်(၃၀)ခန့်မှာ မုန်တိုင်း အနောက်ပိုင်း(အမြှီးပိုင်း)က အားပိုကောင်းပြီး ထပ်မံ တိုက်ခတ်လာနိုင်ပါမယ်။ စစ်တွေ-ကျောက်ဖြူ ပင်လယ်ပြင် (၄၅)မိုင်မှာ လှိုင်းအမြင့် (၂၈)ပေ ရှိနေပါတယ်။ လှိုင်းက ကမ်းခြေရေတိမ်ပိုင်းရောက်ရင် လှိုင်းအမြင့် ကျသွားနိုင်ပါမယ်။ မုန်တိုင်းဒီလှိုင်း(Storm Surge)ဝင်တဲ့အခါ တောင်ဘက်က (၁၀)ပေခန့်အထိ ဝင်နိုင်ပါမယ်။ ရခိုင်ရိုးမပေါ်နဲ့ ချင်းတောင်ပေါ်လဲ မိုးအလွန်များပြီး လေတိုက်နှုန်း မိုင်(၁၀၀)ကျော်အထိ တိုက်နိုင်ပါတယ်။ မြေပြိုတောင်ပြိုတာတွေ များနိုင်မယ် သတိထားကြစေချင်ပါတယ်။"ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောဆိုထားသည်။

မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက်ဖြူ ခရိုင်နှင့် မောင်တောခရိုင်တိုရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၆)ပေမှ ပေ(၂၀)ခန့်အထိ မြင့်တက်လာနိုင်သည်ဟုလည်း မိုးဇလက ခန့်မှန်းထားသည်။