တာချီလိတ်နှင့် မယ်ဆိုင်ကြား နေ့စဉ် ကုန်ပစ္စည်းသယ်ယူမှုကို ယာဉ်အစီးရေ ကန့်သတ်လိုက်သော်လည်း တာချီလိတ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်အောင် ထိန်းမည်

တာချီလိတ်နှင့် မယ်ဆိုင်ကြား နေ့စဉ် ကုန်ပစ္စည်းသယ်ယူမှုကို ယာဉ်အစီးရေ ကန့်သတ်လိုက်သော်လည်း တာချီလိတ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်အောင် ထိန်းမည်
စက်တင်ဘာ 16, 2020
By Tachileik News Agency
တာချီလိတ်နှင့် မယ်ဆိုင်ကြား နေ့စဉ် ကုန်ပစ္စည်းသယ်ယူမှုကို ယာဉ်အစီးရေ ကန့်သတ်လိုက်သော်လည်း တာချီလိတ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်အောင် ထိန်းမည်
Covid-19 ထိန်းချုပ်ကာကွယ်ရေးအတွက် မယ်ဆိုင်ဘက်က ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့မှစ၍ မြန်မာဘက်မှ ကုန်တင်ယာဉ် နှင့် ယာဉ်မောင်းများ မယ်ဆိုင်ဘက်ဝင်ရောက်ခွင့်ကို ကန့်သတ်မှုကြောင့် တာချီလိတ်ဘက်ကလည်း ထိုင်းကုန်တင်ယာဉ်နှင့် ယာဉ်မောင်းများအား ပြန်လည်ကန့်သတ်လိုက်သော်လည်း တာချီလိတ်ဒေသတွင်း ကုန်ဈေးနှုန်း တည်ငြိမ်ရေး ထိန်းသိမ်းမည်ဖြစ်ကြောင်း သိရသည်။
“တာချီလိတ်မြို့အတွက် အခြေခံစားကုန်တွေကို ပြည်မထဲကနေ တင်သွင်းနေပါတယ်။ ကားလမ်းကြောင်းတွေ ပွင့်နေတဲ့အတွက် ကုန်စည်ကားတွေ ဝင်ထွက်နေတဲ့အတွက် စားသောက်ကုန်က လုံလောက်မှုရှိပါတယ်။ ထိုင်းနိုင်ငံက တင်သွင်းတဲ့ အစားအသောက်တွေ သား၊ ငါးတွေ တင်သွင်းနေတာရှိပါတယ်။ ရှိနေတဲ့အတွက် မြန်မာလိုင်စင်တပ်ထားတဲ့ ကားတွေကလည်း ပုံမှန်သွားပေးနေမှာဖြစ်ပါတယ်။ စားသောက်ကုန်တွေကလည်း ပုံမှန်ဝင်နေမှာဖြစ်တဲ့အတွက် ကုန်ဈေးနှုန်း ရုတ်တရက်ကြီး တက်သွားမယ်ဆိုတာ မဖြစ်နိုင်ဘူး။ တကယ်လို့တက်သွားတယ်ဆိုရင် လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား ရိက္ခာတွေအကုန်လုံးကို သယ်ယူဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်အကြီးအကဲတွေကလည်း လိုအပ်ချက်ရှိတာနဲ့ ချက်ချင်း သယ်ပေးမယ်ဆိုတာ မှာကြားထားပြီးဖြစ်ပါတယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့က ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့မှစ၍ မြန်မာနံပါတ်ပြားတပ် မော်တော်ယာဉ် (၆)စီးကိုသာ မယ်ဆိုင်ဘက် ဝင်ခွင့်ပြုမည်ဖြစ်ပြီး မြန်မာယာဉ်မောင်းများအနေဖြင့် မယ်ဆိုင်မြို့အဝင်၌ ထိုင်းဘက်မှ ယာဉ်မောင်းများထံ မော်တော်ယာဉ်လွှဲပြောင်း မောင်းနှင်ရန် စက်တင်ဘာလ (၁၅)ရက်နေ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ကန့်သတ်လိုက်ခြင်းကြောင့် ထိုင်းဘက်မှ ကုန်ပစ္စည်းအဝင် လျော့နိုင်သော်လည်း ဈေးကွက်တွင် ရောင်းချမှု အပြောင်းအလဲ အနည်းငယ်သာရှိနိုင်သည်ဟု ဝမ်ကောင်းမြို့မဈေးမှ အထည်ရောင်းသူတစ်ဦးက ပြောသည်။
"ထိုင်းဘက်က ပစ္စည်းယူတာ အဆင်မပြေရင် တစ်ခြားက သယ်လို့ရတယ်ဆိုတော့ အရောင်းအဝယ်ကတော့ သိပ်တော့ အများကြီးထိခိုက်မှာ မဟုတ်ဘူး။ တံတားက သွားလို့မရဘူးဆိုရင် ထိုင်းဆေးရုံတွေဘက်က ဆေးယူနေတဲ့ နာတာရှည်သမားတွေအတွက်တော့ ခက်မှာ"ဟု ဝမ်ကောင်းဈေးမှ အထည်ဆိုင်ရှင်တစ်ဦးက ပြောသည်။
ဈေးကွက်တွင်းမှ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ပြည်တွင်းမှ ပြန်လည်တင်သွင်းနိုင်သော်လည်း လက်ရှိဈေးကွက်တွင် ထိုင်းကုန်ပစ္စည်းများကိုသာ ဝယ်ယူသည့်ဈေးကွက်လည်းရှိနေကြောင်း သိရသည်။
"ဒီမှာက ကုမ္ပဏီတစ်ခုတည်းကပဲ ဒီအမျိုးအစားပဲတူရင်တောင် ကုမ္ပဏီတွေက မြန်မာပြည်ကို တင်တာမို့လို့ မြန်မာစာပြောင်းရေးထားရင်ကို မဝယ်ချင်ကြဘူး။ ထိုင်းလိုရေးတာပဲ ဝယ်ကြတာ။ မြန်မာပြည်အတွက် ကုမ္ပဏီက သွင်းတဲ့ပစ္စည်းက ဈေးနည်းနည်းသက်သာတာတောင် မဝယ်ကြဘူး။"ဟု ထိုင်းနိုင်ငံဘက်မှ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ တင်သွင်းရောင်းချနေသူတစ်ဦးက ပြောသည်။
၂၀၂၀ ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံ တာချီလိတ်မြို့မှ မယ်ဆိုင်မြို့သို့ ကုန်စည်ကူးသန်းနိုင်ရန်အတွက် မြန်မာနိုင်ငံတွင်မှတ်ပုံတင်ထားပြီး ထိုင်းနိုင်ငံမှခွင့်ပြုပေးထားသည့် မော်တော်ယာဉ် (၆) စီးကိုသာ ခွင့်ပြုပေးမည်ဟု မယ်ဆိုင်ဘက်က ထုတ်ပြန်ထားသဖြင့် တာချီလိတ်တွင်လည်း မယ်ဆိုင်မြို့ဘက်မှ ထိုင်းနိုင်ငံမှတ်ပုံတင်ထားသည့် ယာဉ် (၆) စီးကိုသာ ဝင်ခွင့်ပြုသွားမည်ဖြစ်ပြီး အဆိုပါယာဉ်များဖြင့် ခေါက်ပြန်သယ်ယူပို့ဆောင်ခွင့် ပြုသွားမည်ဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~