မိုင်းဖြတ်မြို့တွင် (၅၃)ရက်အတွင်း Covid-19 ကူးစက်ခံထားရသူ (၅၁)ဦးရှိ

မိုင်းဖြတ်မြို့တွင် (၅၃)ရက်အတွင်း Covid-19 ကူးစက်ခံထားရသူ (၅၁)ဦးရှိ
သြဂုတ် 23, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ဩဂုတ်လ(၂၂)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၅၁)ဦးအထိ ရှိနေကြောင်း သိရသည်။

ပိုးတွေ့ရှိထားသည့် (၅၁)ဦးမှာ အမျိုးသား(၂၅)ဦး နှင့် အမျိုးသမီး(၂၆)ဦးတို့ဖြစ်ပြီး အများအားဖြင့် ဒေသတွင်းပိုးတွေ့ရှိသူများ မဟုတ်ဘဲ တာချီလိတ်မြို့ နှင့် အခြားမြို့များက ပြန်လာပြီး ပိုးတွေ့သူများ ပါဝင်ကြောင်း သိရသည်။

မိုင်းဖြတ်မှာ မြို့ခံများကနေ ကူးစက်မှုမရှိဘဲ အခြားဒေသက ပြန်လာသူတိုင်းလို ပိုးတွေ့နေရတယ်။  ကြပ်မတ်မှုအားနည်းတော့ နေ့စဉ်လိုလို ပိုးတွေ့လူနာ တိုးတိုးလာတယ်။ ကြာရင် စိုးရိမ်ဖွယ်ပါပဲဗျာ။

ဟု မိုင်းဖြတ်ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

မိုင်းဖြတ်မြို့တွင် Covid-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှ ဩဂုတ်လ(၂၂)ရက်နေ့အထိ (၅၃)ရက်အတွင်း Covid-19 ကူးစက်ခံထားရသူ (၅၁)ဦးရှိနေပြီး သတ်မှတ်ရက်ပြည့်၍ နေအိမ်ပြန်ခွင့်ရရှိသွားကြသူများမှာ (၁၉)ဦးရှိပြီး လက်ရှိတွင် (၃၂)ဦးမှ စောင့်ကြည့်ကုသဆောင်များတွင် ကျန်ရှိနေသေးကြောင်း သိရသည်။

မိုင်းဖြတ်မြို့တွင် Covid-19 စစ်ဆေးလိုသူများအနေဖြင့်  ဆေးရုံအတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံးရှေ့တွင် နေ့စဉ် လာရောက်စစ်ဆေးနိုင်ကြောင်းလည်း သိရသည်။

#TachileikNewsAgency