တာချီလိတ်မြို့တွင်း စည်းကမ်းမလိုက်နာသည့် မြေ/ကျောက်သယ်ယာဉ်များကို အရေးယူနေပြီး ဖမ်းဆီးရမိမှု အကြိမ်အရေများလာပါက  ပြစ်ဒဏ်ပိုသွားမည်

တာချီလိတ်မြို့တွင်း စည်းကမ်းမလိုက်နာသည့် မြေ/ကျောက်သယ်ယာဉ်များကို အရေးယူနေပြီး ဖမ်းဆီးရမိမှု အကြိမ်အရေများလာပါက  ပြစ်ဒဏ်ပိုသွားမည်
ဇန်နဝါရီ 24, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အတွင်း သတ်မှတ်စည်းကမ်းများဖြစ်သည့် အဖုံး၊ အကာမပါဘဲ မောင်းနှင်သွားလာနေသည့် မြေသယ်၊ ကျောက်သယ်ယာဉ်များကို စီမံချက်ဖြင့် ဖမ်းဆီးနေပြီး ဖမ်းဆီးရသည့် အကြိမ်ရေအလိုက် ပြစ်ဒဏ် ပိုသွားမည်ဖြစ်သည်။

တာချီလိတ် - မယ်ယန်းသွားလမ်းတွင် စစ်ဆေးနေစဉ်

မြေသယ်ယာဉ်တွေကို လိုင်စင်သိမ်းထားတယ်။ ချလန်ဖြတ်ပေးတယ်။ တရားရုံးမှာ ဒဏ်ကြေးမဆောင်ဘဲ နောက်တစ်ကြိမ်ထပ်မိတယ်ဆိုရင် ကားခဏသိမ်းထားတယ်။ နှစ်ကြိမ်ကျူးလွန်ရင် တရားရုံးမှာ (၂) မှုစာဆောင်ပေါ့။ ပြီးမှကားထုတ်ပေးတယ်။ အကြိမ်ကြိမ်ကျူးလွန်ရင် ကျွန်တော်တို့က ဘယ်နှစ်မှုရှိပါပြီဆိုတာ မင်နီတားပေးလိုက်တယ်။ ဒါမှတရားသူကြီးက ထိရောက်တဲ့ပြစ်ဒဏ်ချမှတ် ပေးမှာပေါ့

ဟု အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (တာချီလိတ်) မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ကျော်ဇေယျက  တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 

မြေသယ်ယာဉ်၊ ကျောက်သယ်ယာဉ်များအနေဖြင့် လမ်းမများထက်တွင်မောင်းနှင်ပါက အဖုံးအကာများဖြင့် လုံခြုံစွာ တင်ဆောင်မောင်းနှင်ရန်သတ်မှတ်ထားပြီး စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ်များကို အမြင့်ဆုံးဒဏ်ကြေး ကျပ် (၈၀,၀၀၀) အထိပေးဆောင်ရသည့် ဥပဒေများဖြင့် တရားရုံးတွင် တရားစွဲဆိုတင်ပို့နေကြောင်း သိရသည်။

အဝိုင်းပတ်အနီးတွင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန် အသိပညာပေးစဉ်

တာချီလိတ်မြို့အတွင်း မောင်းနှင်နေသည့် မြေသယ်၊ ကျောက်သယ်ယာဉ်အများစုမှာ လုံခြုံစွာသယ်ဆောင်ခြင်း မရှိသဖြင့် လမ်းမများထက်တွင် မြေကြီးများနှင့် ကျောက်ခဲများ ပြုတ်ကျမှုများရှိနေပြီး လမ်းမထက်တွင် သွားလာနေသူများအတွက် အန္တရာယ်ရှိသဖြင့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်းက (၅၂)စီး ဖမ်းဆီးခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း (၉) စီးဖမ်းဆီးခဲ့ကြောင်း သိရသည်။

Tachileik News Agency

သတင်း - ဟန်စိုးထိုက်

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။