တာချီလိတ်မြို့တွင် ဆိုင်ကယ်ဦးထုပ်မဆောင်းသူများကို ဖေဖေါ်ဝါရီလဆန်းမှစ၍ အရေးယူတော့မည်

တာချီလိတ်မြို့ ရီဂျီနားဂေါက်ကွင်းအဆင်းတွင် ညပိုင်း ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးစဉ်
တာချီလိတ်မြို့ ရီဂျီနားဂေါက်ကွင်းအဆင်းတွင် ညပိုင်း ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးစဉ်
တာချီလိတ်မြို့တွင် ဆိုင်ကယ်ဦးထုပ်မဆောင်းသူများကို ဖေဖေါ်ဝါရီလဆန်းမှစ၍ အရေးယူတော့မည်
ဇန်နဝါရီ 22, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဆိုင်ကယ်စီး ဦးထုပ် မဆောင်းဘဲ မောင်းနှင်စီးနင်းသူများ၊ ပါဝါအိတ်ဇောတပ်ဆင် မောင်းနှင်သူများနှင့် (၂) ဦးထက်ပို၍ စီးနင်းသူများအား ပညာပေးကာလ ကျော်လွန်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလဆန်းမှစ၍ အရေးယူသွားတော့မည် ဖြစ်ကြောင်း သိရသည်။



ဒီလထဲမှာ ယာဉ်တိုက်မှုထဲက ဆိုင်ကယ်စီး ဦးထုပ်မဆောင်းလို့ သေတဲ့သူက (၄) ယောက်ရှိနေပြီ။ ဆိုင်ကယ်ဦးထုပ်ဆောင်းဖို့ ကျွန်တော်တို့ ပညာပေးတွေ လုပ်နေပေမဲ့ လိုက်နာမှု အားနည်းတာလည်း တွေ့ရတယ်။ အရေးယူရတာကို ကျွန်တော်တို့ မလုပ်ချင်ပါဘူး။ ဒါပေမဲ့ လိုက်နာမှုအားနည်းတာကြောင့် အသက်အန္တရာယ်ဖြစ်တာလည်း များလာတယ်။ ပညာပေးကာလလည်း ကြာပြီဆိုတော့။ အရေးယူတာ လုပ်ရမှာပါ။ ဦးထုပ်မဆောင်းတာ ဖမ်းမယ်။ နောက်တစ်ခုက (၃)ယောက်စီးတာ ဖမ်းမယ်၊ ပါဝါအိပ်ဇောတွေဖမ်းမယ်

ဟု အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (တာချီလိတ်) မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ကျော်ဇေယျက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ (၂၂) ရက်နေ့၌ ပြောသည်။



ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း၊ လူ(၂)ဦးထက်ပို၍ စီးနင်းခြင်းနှင့် ပါဝါအိတ်ဇော တပ်ဆင်မောင်းနှင်ခြင်းများကို ဖမ်းဆီးရမိပါက တရားရုံးတင်ပို့အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။



ယင်းအပြင် မော်တော်ဆိုင်ကယ် မောင်းနှင်သူများအနေဖြင့် နေ့ဘက်တွင်ပါ ရှေ့မီးဖွင့်၍ မောင်းနှင်ရမည့် ဥပဒေသစ်ကိုလည်း အများပြည်သူအား အသိပညာပေးလုပ်ဆောင်ထားပြီးဖြစ်၍ လိုက်နာလုပ်ဆောင်ကြရန် သတိပေးထားသည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက်

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။