တာချီလိတ်တွင် နေအိမ်အတွင်းမှ စိတ်ကြွဆေး (၈)သောင်းခွဲကျော် ဖမ်းဆီးရမိပြီး တရားခံမှာ တိမ်းရှောင်လွတ်မြောက်

တာချီလိတ်တွင် နေအိမ်အတွင်းမှ စိတ်ကြွဆေး (၈)သောင်းခွဲကျော် ဖမ်းဆီးရမိပြီး တရားခံမှာ တိမ်းရှောင်လွတ်မြောက်
ဇန်နဝါရီ 7, 2020
By Tachileik News Agency
တာချီလိတ်တွင် နေအိမ်အတွင်းမှ စိတ်ကြွဆေး (၈)သောင်းခွဲကျော် ဖမ်းဆီးရမိပြီး တရားခံမှာ တိမ်းရှောင်လွတ်မြောက်

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် မူးယစ်သတင်းရ နေအိမ်တစ်လုံးကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြားပေါင်း (၈)သောင်းခွဲကျော်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိပြီး ထွက်ပြေးလွတ်မြောက်နေသည့် မူးယစ်ဆေးပိုင်ရှင်ကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှတပ်ဖွဲ့ဝင်များသည် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆန်ဆိုင်း(က) ရပ်ကွက်၊ ဆန်ဆိုင်းကွက်သစ်(၉)လမ်းရှိ ဂျော်နီထွေး နေထိုင်သည့်အိမ်ကို မူးယစ်သတင်းအရ ညနေ (၄)နာရီခွဲတွင် ဝင်ရောက်ရှာဖွေရာ ဂျော်နီထွေးကို မတွေ့ရဘဲ နေအိမ်အတွင်းမှ ဖုန်းတစ်လုံး၊ တာယာပေါင်းစက် (၂)လုံး၊ လေထိုးစက် (၁)လုံး၊ ကားတာယာအတွင်း ရေပိုက်အတွင်းထည့်ထားသည့် စိတ်ကြွဆေးပြား (၈၆,၄၀၀)ပြားကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

နေအိမ်အတွင်းမှ စစ်ဆေးတွေ့ရှိရသည့် စိတ်ကြွဆေးပြားများနှင့်အတူ နေအိမ်ကားဂိုဒေါင်အတွင်းမှ Crown အမျိုးအစား အဖြူရောင်မော်တော်ယာဉ် (၁) စီးတို့ကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် ဂျော်နီထွေးကို တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~