ကျန်းမာရေးဝန်ထမ်းများအား ဇန်နဝါရီလ (၂၇) ရက်နေ့တွင် COVID 19 ကာကွယ်ဆေး စတင်ထိုးနှံပေးမည်

ကျန်းမာရေးဝန်ထမ်းများအား ဇန်နဝါရီလ (၂၇) ရက်နေ့တွင် COVID 19 ကာကွယ်ဆေး စတင်ထိုးနှံပေးမည်
ဇန်နဝါရီ 23, 2021 | Covid-19
By Tachileik News Agency

 မြန်မာနိုင်ငံတွင် COVID 19 ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများအား ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

COVID 19 ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဗဟိုအဆင့်မွမ်းမံဆရာဖြစ် သင်တန်းကို ဇန်နဝါရီလ (၂၃) ရက်နှင့် (၂၄) ရက်နေ့များတွင် ကျင်းပနေပြီး တိုင်းဒေသကြီး/ပြည်နယ်အဆင့် မွမ်းမံသင်တန်းကို ဇန်နဝါရီ (၂၅) ရက်နှင့် (၂၆) ရက်တို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မွမ်းမံသင်တန်း တက်ရောက်ပြီးသူများကသာ ဇန်နဝါရီလ (၂၇) ရက်တွင် စတင်မည့် ကျန်းမာရေးဝန်ထမ်းများအား COVID 19 ကာကွယ်ဆေးထိုးမည့်လုပ်ငန်းတွင် တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်း) ဒေါက်တာထားထားလင်းက ပြောကြားထားသည်။

တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ကောက်ယူရရှိထားသည့် ကျန်းမာရေးဝန်ထမ်းအင်အား စာရင်းများအတိုင်း ကာကွယ်ဆေးများကို ဇန်နဝါရီလ (၂၄)ရက်နေ့၌ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ Serum Institute of India မှထုတ်လုပ်သည့် COVISHIELD  COVID-19 ရောဂါ ကာကွယ်ဆေးကို လူဦးရေ (၇)  သိန်းခွဲစာအတွက် ဆေးအလုံးရေ (၁) သန်းခွဲကို အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအတွက် လက်ဆောင်အဖြစ် ဇန်နဝါရီလ (၂၂) ရက်နေ့က ပေးပို့ထားခြင်းဖြစ်ပြီး ပထမဦးစားပေးအနေဖြင့် ကျန်းမာရေးဝန်ထမ်းများအား ထိုးနှံပေးသွားမည်ဖြစ်သည်။

 

Tachileik News Agency