ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ပြည်သူ့ဆေးရုံများတွင် Covid19 ကာလအတွင်း Fever Clinic များ တိုးချဲ့ဖွင့်ရန် ပြင်ဆင်နေ

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ပြည်သူ့ဆေးရုံများတွင် Covid19 ကာလအတွင်း Fever Clinic များ တိုးချဲ့ဖွင့်ရန် ပြင်ဆင်နေ
မေ 3, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ပြည်သူ့ဆေးရုံများတွင် Covid19 ကာလအတွင်း  Fever Clinic များ တိုးချဲ့ဖွင့်ရန် ပြင်ဆင်နေ 

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ မြို့နယ်ဆေးရုံများတွင် COVID 19 သံသယနှင့် ဖျားနာလူနာများအား သီးခြားခွဲ၍ စမ်းသပ်ကုသပေးသည့်စနစ်ဖြင့် ဆောင်ရွက်ပေးနေပြီး Fever Clinic (ဖျားနာကုသဆေးခန်း) များကိုလည်း ထပ်မံဖွင့်လှစ်မည်ဟု သိရသည်။

ဖျားနာစမ်းသပ်ခန်း (fever corner)ကို ရုံးချုပ်က လမ်းညွှန်ချက်ရှိတော့ မြို့နယ်ဆေးရုံတိုင်းမှာ လုပ်ထားတယ်။ ဖျားနာလူနာတွေကို အရေးပေါ်လူနာဌာန (OPD)မှာ မကြည့်ဘဲနဲ့ သီးခြား စမ်းသပ်ပေးတယ်။ မိုင်းဖြတ်တို့၊ မိုင်းယောင်းတို့မှာလည်း လုပ်ပေးထားတယ်။ အကောင်းဆုံးကတော့ ကျိုင်းတုံနဲ့ တာချီလိတ်ဆေးရုံကို သွားပြနိုင်ရင် ပိုကောင်းတယ်ပေါ့နော်။ တာချီလိတ်မှာတော့ ဖျားနာဆေးကုခန်း (Fever Clinic) လည်း စပြီး ဖွင့်လိုက်ပြီ။ ကျိုင်းတုံကတော့ ကျန်တာပြည့်စုံပေမဲ့ နေရာမရှိသေးလို့ မလုပ်နိုင်သေးဘူး။ ဒါပေမဲ့ ဆေးရုံတိုင်းမှာတော့ အဲဒါတွေ လုပ်ထားနေပါပြီ

ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ မေလ (၃)ရက်နေ့တွင် ပြောသည်။

ပြည်သူ့ဆေးရုံများတွင် COVID 19 သံသယလက္ခဏာရှိသူများအား စမ်းသပ်ခြင်းမှ ကျန်းမာရေးဝန်ထမ်းများနှင့် အခြားလူနာများထံ ကူးစက်ခံရခြင်းမရှိစေရန် Fever Corner များထားရှိ၍ စမ်းသပ်စစ်ဆေးခြင်းကို လုပ်ဆောင်နေသည့်အပြင် ဆေးရုံလာရန်အခက်အခဲရှိသူများအတွက် စေတနာ့ဝန်ထမ်း ဆရာဝန်များ အကူအညီဖြင့် Fever Clinic များဖွင့်လှစ်ရန်ကိုလည်း ပြည်နယ် COVID 19 ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ၏ ဧပြီလ (၂၄)ရက်နေ့က ကျင်းပသည့် ပထမအကြိမ် အစည်းအဝေးတွင် ဆုံးဖြတ်ထားခြင်းဖြစ်သည်။

OPD ကတော့  လူတိုင်းလာပြဖို့က လူတိုင်းလည်း မလာနိုင်သလို ကြောက်ကြတဲ့သူတွေလည်းရှိတယ်။ အဲဒီလို မလာနိုင်တဲ့အချိန်မှာ မြန်မာနိုင်ငံ ဆရာဝန်အသင်းဆိုတာ ရှိတယ်။ Volunteer ဆရာဝန်တွေရှိတယ်။ သက်ဆိုင်ရာ ပြည်နယ်မှူးတွေ၊ ဆေးရုံအုပ်ကြီးတွေက မြန်မာနိုင်ငံဆရာဝန်အသင်းတွေ၊ Volunteer ဆရာဝန်တွေနဲ့ ညှိနှိုင်းပြီးတော့ အခမဲ့ဆေးကုခန်းတွေ ဖွင့်လှစ်နိုင်အောင် စီစဉ်ဖို့တော့ စဉ်းစားထားတယ်

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ဒေါက်တာမျိုးထွန်းက ပြောသည်။

COVID 19 သံသယလက္ခဏာရှိသူများနှင့် ကူးစက်ခံရနိုင်ချေရှိသူများအား စမ်းသပ်ရာမှ ကျန်းမာရေးဝန်ထမ်းများသို့လည်းကောင်း၊ လူနာအချင်းချင်းသော်လည်းကောင်း ကူးစက်ခံရခြင်းမရှိစေရန် ဆေးရုံများတွင် ဖျားနာသူများအား သီးခြားစမ်းသပ်ပေးသည့် Fever Corner များ ပြင်ဆင်ထားခြင်းဖြစ်သည်။

ယင်းအပြင် ထပ်တိုးဖွင့်လှစ်မည့် Fever Clinic များကို ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများအပြင် ပြင်ပမှ စေတနာ့ဝန်ထမ်း ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများအကူအညီဖြင့် တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~