ဘောလခဲမြို့တွင် ပထမဆုံး COVID -19 အတည်ပြုလူနာတစ်ဦး တွေ့ရှိ 

ဘောလခဲမြို့တွင် ပထမဆုံး COVID -19 အတည်ပြုလူနာတစ်ဦး တွေ့ရှိ 
ဇန်နဝါရီ 23, 2021 | Covid-19| ကျန်းမာရေး| ကယား

ကယားပြည်နယ်၊ ဘောလခဲမြို့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မှလာ၍ အသွားအလာကန့်သက်ထားသူတစ်ဦးတွင် COVID 19 ပိုးတေ့ွရကြောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့၌ စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ဘောလခဲမြို့ အ.မ.က ရှမ်းပိုင်းရှိ Community Based Facility Quarantine တွင် အသွားအလာကန့်သတ်ထားသူများ၏ ဓာတ်ခွဲနမူနာများအား တောင်ကြီးမြို့၊ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာတွင် အမျိုးသား (၁) ဦး၌ COVID 19 ပိုးတွေ့ရကြောင်း စစ်ဆေးတွေ့ရခြင်းဖြစ်သည်။

အဆိုပါ ပိုးတွေ့လူနာမှာ အသက် (၂၇)နှစ်အရွယ်ဖြစ်ပြီး ကယားပြည်နယ်တွင် အလုပ်လုပ်ကိုင်ရန် ဇန်နဝါရီလ (၁၈) ရက်နေ့က ရောက်ရှိလာခြင်းဖြစ်ပြီး မိတ္ထီလာမြို့မှ လာရောက်သူဖြစ်၍Quarantine ဝင်ရောက်နေခြင်းဖြစ်သည်။ 

ပိုးတွေ့ရှိသူအမျိုးသားနှင့် တစ်ဖွဲ့တည်းအတူလာရောက်သူ (၁၂)ဦး၏ ဓာတ်ခွဲနမူနာ စစ်ဆေးချက်မှာ ပိုးမတွေ့ရှိရသော်လည်း ဘောလခဲမြို့ အ.မ.က ရှမ်းပိုင်းတွင် ဆက်၍ အသွားလာ ကန့်သတ်ထားမည်ဖြစ်ပြီး ၎င်းတို့၏ ဓာတ်ခွဲနမူနာများအား ထပ်မံရယူ၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပိုးတွေ့ရှိသူ အတည်ပြုလူနာ အမျိုးသား၏ ကျန်းမာရေးအခြေနေမှာ ကောင်းမွန်လျှက်ရှိပြီး ဘောလခဲမြို့ ပြည်သူ့ဆေးရုံကြီး သီးသန့်အဆောင်တွင်ထားရှိ၍ ကုသပေးလျှက်ရှိပြီး ဘောလခဲမြို့၏ ပထမဆုံး COVID 19 အတည်ပြုလူနာဖြစ်သည်။

ကယားပြည်နယ်တွင် ဇန်နဝါရီလ (၂၃) ရက်နေ့ ည (၇)နာရီအချိန်ထိ COVID 19 အတည်ပြုလူနာ (၁၁၂) ဦးရှိပြီဖြစ်ပြီး ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရသူ (၁၀၂) ဦး၊ ဆေးရုံတက်ရောက်နေသူ (၉)ဦးနှင့် သေဆုံးသူ (၁)ဦးရှိကြောင်း သိရသည်။

Tachileik News Agency

ဆန်းဖြိုးထွန်းသည် Tachileik News Agency ၏ ကယားပြည်နယ်အခြေစိုက် အကြီးတန်း သတင်းထောက်ဖြစ်သည်။