Covid-19 ကာကွယ်ဆေးထိုးနှံပေးမည့် ပထမဦးစားပေးအုပ်စုတွင် ကုသရေးလုပ်ငန်း၌ ပါဝင်ကူညီပေးနေသည့် စေတနာ့ဝန်ထမ်းများ၏ စာရင်းပါနိုင်ရေး မကွေးမြို့တွင် စာရင်း ကောက်ယူနေ

Covid-19 ကာကွယ်ဆေးထိုးနှံပေးမည့် ပထမဦးစားပေးအုပ်စုတွင် ကုသရေးလုပ်ငန်း၌ ပါဝင်ကူညီပေးနေသည့် စေတနာ့ဝန်ထမ်းများ၏ စာရင်းပါနိုင်ရေး မကွေးမြို့တွင် စာရင်း ကောက်ယူနေ
ဇန်နဝါရီ 25, 2021 | Covid-19| အခြားဒေသများ

ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမည့် ပထမဦးစားပေးအုပ်စုတွင် ပါဝင်မည့် ကိုဗစ်ကာကွယ်ကုသရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်းများ ဦးရေစာရင်းကို မကွေးမြို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်နေ့၌ ကောက်ယူနေပြီဖြစ်ရာ စုစုပေါင်း (၈၅)ဦး စာရင်းရထားပြီဖြစ်ကြောင်း သိရသည်။

မကွေးမြို့ရှိ ပရဟိတသမားများထဲမှ ဦးစားပေးအဖြစ် ကိုဗစ်လူနာများအား PPE ဝတ်၍  သယ်ယူ ပို့ဆောင်ပေးနေကြသည့် ပရဟိတသမား အမည်စာရင်း ကောက်ယူပေးရန် မကွေးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ပေးလာသဖြင့်  KS Rescue လူနာတင်ယာဉ်အသင်းမှ (၁၁)ဦး၊ ရောင်စုံမေတ္တာ လူနာ တင်ယာဉ်အသင်းမှ (၁၄)ဦး၊ သဒ္ဓါရှင် လူနာတင်ယာဉ်အသင်းမှ (၇)ဦး၊ ခေမာလူနာတင်ယာဉ်အသင်းမှ (၁၃) ဦး၊ ကရုဏာရှင်နာရေးကူညီမှုအသင်းမှ (၄၀) ဦး၊ စုစုပေါင်း (၈၅)ဦး စာရင်းပေးထားကြခြင်းဖြစ်ကြောင်း သိရသည်။



ကျွန်တော့်အသင်းမှာက အဖွဲ့ဝင် (၁၆) ဦးရှိပါတယ်။ အဖွဲ့ (၃) ဖွဲ့ခွဲထားပြီး  ရှေ့တန်း TTC မှာ PPE ဝတ် နေ့စဉ်လူနာသယ်နေတဲ့ အဖွဲ့ကတော့ (၂) ဖွဲ့ ဖြစ်ပါတယ်။ ရှေ့တန်းထွက်နေကြရတဲ့ ညီငယ် (၁၁)ဦးကိုပဲ  ကာကွယ်ဆေးထိုးနှံဖို့ ဦးစားပေးအဖြစ် စာရင်းပေးသွင်းလိုက်ပါတယ်။ ကျန်တဲ့ ကျွန်တော့်ရုံးက ကျွန်တော်အပါအဝင် ရုံးထိုင်အသင်းဝင်များစာရင်း လုံးဝမထည့်ပါဘူး

ဟု KS Rescue Magway (လူမှုကယ်ဆယ်ရေးအသင်း) ဦးဆောင်သူ ကိုစည်ဖြိုးသူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အိန္ဒိယနိုင်ငံမှ ပေးပို့သော ကိုဗစ်ကာကွယ်ဆေး Covishield ကို ကျန်းမာရေးဝန်ထမ်းများအား ဇန်နဝါရီ လ (၂၇)ရက်နေ့မှစတင်၍ ဦးစားပေးအဆင့်ဖြင့် ထိုးနှံပေးသွားမည်ဖြစ်ရာ ကိုဗစ်လူနာများနှင့် ထိတွေ့နေ ရသည့် ပရဟိတအဖွဲ့များကိုလည်း ကျန်းမာရေးဝန်ထမ်းများနည်းတူ ဦးစားပေးအဆင့်ဖြင့် ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

သတင်း - ဖီးနစ်

ဓါတ်ပုံ -  KS Rescue Magway (လူမှုကယ်ဆယ်ရေးအသင်း)

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...