မိုင်းယောင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေသစ်ကို ဒေသ ဘာသာစကား ကျွမ်းကျင်သူ (၁၁)ဖွဲ့အကူအညီဖြင့် ပြည်သူများကို ရှင်းလင်းမည်

မိုင်းယောင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေသစ်ကို ဒေသ ဘာသာစကား ကျွမ်းကျင်သူ (၁၁)ဖွဲ့အကူအညီဖြင့် ပြည်သူများကို ရှင်းလင်းမည်
ဇန်နဝါရီ 15, 2021 | ရှမ်းရှေ့
By စိုင်းအောင်ဇော်လင်း



ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း အများပြည်သူအနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေသစ်ကို သိရှိနားလည်စေရေးအတွက် မြို့နယ်/မြို့အဆင့် ဌာနဆိုင်ရာများက ဒေသဘာသာစကားကျွမ်းကျင်သူ (၁၁)ဖွဲ့နှင့်အတူ ရှင်းလင်းဆွေးနွေးခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့် နည်းဥပဒေအကြောင်းကို မိုင်းယောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ပြုလုပ်သည်။

မိုင်းယောင်းမြို့နယ်တွင် ရပ်ကွက် (၁၀) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၂) အုပ်စုရှိပြီး လက်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ သက်တမ်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်တွင် ကုန်ဆုံးမည်ဖြစ်ရာ အသစ်ပြန်လည် ရွေးချယ်ရာတွင် ပြင်ဆင်ပြဌာန်းထားသည့် နည်းဥပဒေပါ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်၍ ဥပဒေ၊ နည်းဥပဒေများအကြောင်းကို ရှင်းလင်း ဆွေးနွေးနေခြင်းဖြစ်သည်။

အသစ်ပြင်ဆင်ပြောင်းလဲလိုက်သည့် နည်းဥပဒေသစ်အရ မဲပေးရွေးချယ်ခြင်းကို ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း အိမ်ထောင်စုစာရင်းဖြင့် နေထိုင်သည့် မိသားစုများမှ မိသားစုကိုယ်စားလှယ် (၁)ဦးနှုန်းစီဖြင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကို တိုက်ရိုက်ရွေးချယ်ခွင့်ရမည်ဖြစ်သည်။

Tachileik News Agency

သတင်း - စိုင်းအောင်ဇော်လင်း