ဧရာဝတီမြစ်အတွင်း ငါးရှားပါးလာမှုကြောင့် ငါးဖမ်းလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းပြုနေသူများ ဘဝရပ်တည်မှုအတွက် အခက်အခဲတွေ ဖြစ်လာ

ဧရာဝတီမြစ်အတွင်း ငါးရှားပါးလာမှုကြောင့် ငါးဖမ်းလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းပြုနေသူများ ဘဝရပ်တည်မှုအတွက် အခက်အခဲတွေ ဖြစ်လာ
အောက်တိုဘာ 23, 2020
By Tachileik News Agency
ဧရာဝတီမြစ်အတွင်း  ငါးရှားပါးလာမှုကြောင့်  ငါးဖမ်းလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းပြုနေသူများ  ဘဝရပ်တည်မှုအတွက် အခက်အခဲတွေ ဖြစ်လာ
ဧရာဝတီမြစ်အတွင်း ငါဖမ်းလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းပြုနေကြသည့် မကွေးမြို့နယ်မှ ရေ လုပ်သားများ အတွက် မြစ်အတွင်း ငါးရှားပါးလာမှုကြောင့် ဘဝရပ်တည်မှု ခက်ခဲလာကြောင်း ရေလုပ်သားများထံမှ သိရသည်။
“အရင်နှစ်တွေကဆို ဒီအချိန် မျှောစရာမလိုဘူး တစ်နေ့ကို ငါး (၁၀)ပိဿာလောက် ရတယ်။ အခုဆိုရင် တစ်နေ့ ကို(၅) ပိဿာလောက်ပဲ ရတော့တယ်။ တစ်နှစ်ထက်တစ်နှစ် ငါးရှားပါးလာလို့ ကျွန်မတို့စားဝတ် နေရေးအတွက် အခက်အခဲနဲ့ ကြုံတွေ့နေပါပြီ”ဟု ရေလုပ်သားတစ်ဦးဖြစ်သူ မသင်းနုအောင် က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
ယခုရာသီမှာ ငါးအပေါဆုံးရာသီဖြစ်သော်လည်း ရာသီဥတုအခြေအနေအရ မြစ်အတွင်း သဘာဝပတ်ဝန်းကျင်များ ပြောင်းလဲလာမှု၊ ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးမှုများနှင့် မြေနုကျွန်းစိုက်ပျိုးမှုများကြောင့် သဘာဝ ငါးနေငါးထိုင်နေရာများ ပျက်စီးလာမှု၊ စိုက်ပျိုးရေးသုံးပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ အသုံးပြုလာမှုများကြာင့် မြစ်အတွင်းငါးရှားပါးမှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာခြင်းဖြစ်သည်ဟု ဆိုသည်။
“ရေလုပ်သားအများစုက ကုန်းပေါ်မှာ နေထိုင်စရာ မရှိကြပါဘူး။ မြစ်ရေပြည့်ချိန်ဆို ငါးဖမ်းလှေပေါ်မှာ နေအိမ်သဖွယ် ပြင်ဆင်နေထိုင်ကြတာပါ။ ရေကျလို့ သောင်ခုံတွေပေါ်လာရင်တော့  တဲထိုးနေထိုင်ကြပါတယ်။ အဲဒီချိန်ဆို ကုန်းပေါ်တက်ပြီး အလုပ် လိုက်လုပ်ရပါတယ်။ အခုက ရောဂါဖြစ်ပွားနေတာကြောင့် ကုန်းပေါ်တက်အလုပ်လုပ်လို့ အဆင်မပြေတော့ပါဘူး။ ငါးဖမ်းရောင်းလို့ ရတာလေးနဲ့ပဲ အဆင်ပြေအောင် ကြံဖန် နေရပါတယ်”ဟု ရေလုပ်သားတစ်ဦးဖြစ်သူ မအိအိထွန်းက ပြောသည်။
မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်ခြင်းကို နှစ်စဉ်လျာထားပြီးဆောင်ရွက် ပေးလျှက်ရှိနေရာ ယခုနှစ်တွင် ဧရာဝတီမြစ်အတွင်း (၄)နေရာ၊ ဆည်ရေလှောင်တမံ (၃၀)၊ စပါးခင်း (၁၉၀)ဧက၊ ကျေးရွာကန် (၃၃၀)၊ ဇူလိုင်လမှ စက်တင်ဘာအတွင်း ငါးသားပေါက်ကောင်ရေ (၄၇ ဒဿမ ၀၇) သိန်း စိုက်ထည့်ပြီးဖြစ်ကြောင်း မကွေးတိုင်း ငါးလုပ်ငန်းဦးစီးဌာနမှတ်တမ်းအရ သိရသည်။ 
“ပြန်လည်ပြည့်ဖြိုးနိုင်တဲ့ သဘာဝအရင်းအမြစ်တစ်ခုဖြစ်လို့ ငါးမျိုးစိတ်တွေ စိုက်ထည့်ခြင်းဖြင့် ငါးသယံ ဇာတတိုးပွားရေး၊ ငါးထုတ်လုပ်မှုတွေ တိုးတက်လာစေရေး၊ ငါးမျိုးတုန်းမှာကို ကာကွယ်နိုင်ဖို့ ရည်ရွယ် စိုက်ထည့်ပေးတာဖြစ်ပါတယ်။ တောင်တွင်းကြီး၊ ပွင့်ဖြူ တို့မှာ စခန်း (၂)ခုထားရှိပြီး ငါး (၃)မျိုးကို အဓိကထားပြီး ဖောက်ထည့်ပါတယ်။ အဖြူရောင် ငါးကြင်းကို သိပ်မဖောက်ဖြစ်ဘူး။ ဒေသကြိုက်လည်း ဖြစ်၊ ရှင်သန်မှုအားလည်းကောင်းတဲ့ ငါးခုံးမကြီးနဲ့ ငါးမြစ်ချင်းကိုပဲ အဓိကထား စိုက်ထည့်ဖြစ်ပါတယ်။ အနည်းဆုံး ၁လက္မခွဲ ၂လက္မအရွယ်လောက်တွေကို စိုက်ထည့်လေ့ရှိပါတယ်”ဟု မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူးဦးမြင့်ရွှေက ပြောသည်။
မကွေးတိုင်းအတွင်း ရေလုပ်သား (၁,၅၀၀)ဝန်းကျင်ရှိနေပြီး COVID ကာလဖြစ်သည့် အပြင်၊ ငါး ဖမ်းဆီးရရှိမှု နည်းပါးလာနေသည့်အတွက် ဧရာဝတီမြစ်အား အမှီပြုနေရသည့် ရေလုပ်သားများမှာ ဘဝရပ်တည်ရေး အခက်အခဲနှင့် ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

သတင်း/ဓာတ်ပုံ-ဖီးနစ်
 
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~