တာချီလိတ်ခရိုင် နှင့် ကျိုင်းတုံခရိုင်အကြား အင်အား (၄.၁)အဆင့် အပါအဝင် ငလျင်(၉)ကြိမ်လှုပ်ခတ်သွား

တာချီလိတ်ခရိုင် နှင့် ကျိုင်းတုံခရိုင်အကြား အင်အား (၄.၁)အဆင့် အပါအဝင် ငလျင်(၉)ကြိမ်လှုပ်ခတ်သွား
သြဂုတ် 11, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင် နှင့် ကျိုင်းတုံခရိုင်အကြား ယနေ့ နံနက်ပိုင်းက အင်အား (၄.၁)အဆင့်ရှိ အလတ်စားငလျင် အပါအဝင် ငလျင်(၉)ကြိမ် လှုပ်ခတ်သွားကြောင်း ထိုင်းနိုင်ငံ မိုးလေဝသဌာန၊ ငလျင်စောင့်ကြည့်ရေးဌာနခွဲ(  Thailand Earthquake Report Earthquake Observation Division -  TMD)က သတင်းထုတ်ပြန်ထားသည်။

၂၀၂၂ခုနှစ် ဩဂုတ်လ(၁၁)ရက်နေ့ နံနက် (၆)နာရီ (၄၂)မိနစ် (၉)စက္ကန့်အချိန်က  ရစ်ချ်စတာ စကေး (၄.၁)အဆင့်ရှိ အလတ်စားငလျင်သည် ခရိုင်(၂)ခုအကြားတွင် လှုပ်ခတ်သွားခြင်း ဖြစ်သည်။

တကယ်တမ်းတွင်မှု တာချီလိတ်ခရိုင် နှင့် ကျိုင်းတုံခရိုင်အကြား ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၁)ရက်နေ့ အကူး (၀၀)နာရီ (၁၅)မိနစ် (၃၁)စက္ကန့်အချိန်က စပြီး နံနက် (၆)နာရီ (၄၂)မိနစ် (၉)စက္ကန့်အချိန်အထိ အသေးစားငလျင်ကနေ အလတ်စားငလျင်အထိ (၉)ကြိမ် လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

ဩဂုတ်လ(၁၁)ရက်နေ့ အကူး (၀၀)နာရီ (၁၅)မိနစ် (၃၁)စက္ကန့်အချိန်က  ရစ်ချ်စတာ စကေး(၃.၁)အဆင့်ရှိ ငလျင်စတင်လှုပ်ခတ်ပြီးနောက် အဆင့်(၂.၂)မှ (၂.၉)အဆင့်ရှိ အသေးစားငလျင် (၇)ကြိမ်သည် နံနက်(၆)နာရီ (၁၇)မိနစ် (၁၇)စက္ကန့်အချိန်အထိ လှုပ်ခတ်ခဲ့ပြီးနောက်  ရစ်ချ်စတာ စကေး (၄.၁)အဆင့် အလတ်စားငလျင် နောက်ဆုံး လှုပ်ခဲ့ခြင်း ဖြစ်သည်။

ယခုကာလအများတွင် အသေးစားငလျင်များမှာ နေ့စဉ်နီးပါး အဆိုပါ ခရိုင်(၂)ခုအကြား လှုပ်ခတ်နေလျက်ရှိကြောင်း  ထိုင်းနိုင်ငံ မိုးလေဝသဌာန၊ ငလျင်စောင့်ကြည့်ရေးဌာနခွဲ၏ ထုတ်ပြန်ချက်များအရ သိရသည်။