Covid-19 ကူးစက်မှုတိုးပွားနေသည့် မကွေးတိုင်းဒေသကြီးအတွင်း STOP COVID အဝါရောင် အသိပညာပေး လှုပ်ရှားမှုအဖြစ် ကျန်းမာရေးက ပြုလုပ်

Covid-19 ကူးစက်မှုတိုးပွားနေသည့် မကွေးတိုင်းဒေသကြီးအတွင်း STOP COVID အဝါရောင် အသိပညာပေး လှုပ်ရှားမှုအဖြစ် ကျန်းမာရေးက ပြုလုပ်
ဇန်နဝါရီ 14, 2021 | Covid-19| အခြားဒေသများ

Covid-19 ကူးစက်မှုတိုးပွားနေသည့် မကွေးတိုင်းဒေသကြီးအတွင်း STOP COVID အဝါရောင် အသိပညာပေး လှုပ်ရှားမှုအဖြစ် မကွေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ထမ်းများဖြင့် ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၁၄)ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကျန်းမာရေးဝန်ထမ်းတွေ ပင်ပန်းပေမယ့် မရပ်တန့်နိုင်ကြပါဘူး COVID ကိုပဲ ရပ်သွားအောင် ကြိုးစား နေကြပါတယ်၊ ပြည်သူတွေအနေနဲ့လည်း အဝါရောင်လှုပ်ရှားမှုမှာ ပါဝင်ပြီး Mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေကြဖို့ တစ်ဦးနဲ့ တစ်ဦး အသိပေးပါ၊ သတိပေးပါ။ STOP COVID-19 အဝါရောင် အသိပညာ ပေး အစီအစဉ်အရ နှာခေါင်းစည်း တပ်ဆင်သွားလာခြင်းကို အထူး အလေ့အကျင့်ကောင်း တစ်ခုအဖြစ် ရေရှည် လုပ်ဆောင်ကြဖို့ ရည်ရွယ်ပါတယ်

ဟု  တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



အဆိုပါ လှုပ်ရှားမှုအား တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေဝန်ထမ်းများက ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ အနေဖြင့် ကပ်ရောဂါနှင့် ပတ်သက်၍ သတိမူပြီး စည်းကမ်းများ လိုက်နာ ကြစေရန်၊  ပြည်သူများအနေဖြင့် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ လက်ဆေးခြင်း အလေ့အကျင့် ကောင်းများ ဆောင်ရွက်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်တို့ကို ရည်ရွယ်၍ အသိပညာပေးခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းအတွင်း ပိုးတွေ့လူနာများနှင့်ထိတွေ့၍ ကူးစက်ခံရသူနှင့် အနံ့ပျောက်လက္ခဏာရှိသူများ နေ့စဉ်တိုးပွားတွေ့ရှိလျှက်ရှိနေရာ ဇန်နဝါရီလ(၁၄)ရက်နေ့ ညနေပိုင်းအချိန်ထိ COVID-19 ပိုးတွေ့လူနာစုစု ပေါင်း (၂,၉၀၆) ဦး အထိရှိပြီး တိုင်း/ခရိုင်/မြို့နယ်နှင့် တိုက်နယ်ဆေးရုံအသီးသီး၌ တက်ရောက်ကုသမှု ခံယူလျှက်ရှိသူ ပိုးတွေ့လူနာ (၂၇၁)ဦး၊ သေဆုံးသူ (၉)ဦးအထိ ရှိနေပြီး အောင်လံမြို့နယ်က ပိုးတွေ့ လူနာအများဆုံး၊ မကွေးမြို့နယ်က ဒုတိယအများဆုံးအဖြစ်ရပ်တည်လျှက်ရှိနေကြောင်း သိရသည်။

  Tachileik News Agency

သတင်း-ဖီးနစ်

ဓာတ်ပုံ-သန်းနိုင်ဦး

 

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...