အာဏာသိမ်းစစ်ကောင်စီကို အကာအကွယ်ပေးနေသည့် တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီကို ရန်ကုန်တွင် ဆန့်ကျင်ရှုတ်ချ 

အာဏာသိမ်းစစ်ကောင်စီကို အကာအကွယ်ပေးနေသည့် တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီကို ရန်ကုန်တွင် ဆန့်ကျင်ရှုတ်ချ 

 

စစ်ခေါင်းဆောင်များဖြစ်သည့် သန်းရွှေ၊ မင်းအောင်လှိုင်တို့၏ စစ်အုပ်စုကို နိုင်ငံတကာမျက်နှာစာအပါအဝင် ကဏ္ဍအသီးသီးတွင် အကူအညီနှင့် အကာအကွယ်များပေးနေသည့် တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီအား ဆန့်ကျင်ရှုတ်ချသည့် သပိတ်လှုပ်ရှားမှုကို ရန်ကုန်မြို့တစ်နေရာ၌ ၂၀၂၃ခုနှစ်၊ မေလ(၉)ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီသည် မြန်မာပြည်၏ အချုပ်အခြာအာဏာကို လေးစားကြောင်း တဖွဖွပြောနေသော်လည်း အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သည့် ပြည်သူလူထုကို မတရား သတ်ဖြတ်နေသည့် စစ်အုပ်စုအား အကာအကွယ်နှင့် အကူ အညီများပေးနေခြင်းသည် စစ်အုပ်စုနှင့် ပေါင်း၍ မြန်မာပြည်သူများကို သတ်ဖြတ်နေခြင်းဖြစ်သည်ဟု ဆန္ဒပြသူများက ပြောသည်။

ဒါ့အပြင် တရုတ်ကဲ့သို့ အင်အားကြီးနိုင်ငံ အနေဖြင့် မြန်မာ့အရေးကို  လူကြီးလူကောင်းဆန်ဆန် တရားမျှတစွာ ရပ်တည်ဖြေရှင်းပေးရ  မည့်အစား စစ်ကောင်စီတပ်ကို ဆွေမျိုးပေါက်ဖော်လုပ်၍ တရုတ် ၏ အကျိုးစီးပွားများနှင့် စီမံကိန်းများအား အကောင်အထည်ဖော်ရေး ဆက်၍ကြိုးစားမည်ဆိုပါက လူထု၏ ယခုထက်ပိုမိုပြင်းထန်သည့် ဆန့်ကျင်မှုနှင့် ဒေါသကို ကြုံတွေ့ရမည်ဖြစ်ကြောင်းလည်း ဆန္ဒပြသူများကပြောသည်။

အချုပ်အခြာအာဏာ၏ မူလပိုင်ရှင် မြန်မာပြည်သူများ၏ အသက်နှင့် ဘဝပေါင်းများစွာ ရင်းနှီးပေးဆပ်၍ တိုက်ပွဲဝင်နေမှုများကို တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီက သေချာနားလည်ပြီး တရားမျှတစွာ ရပ်တည်ပေးရန်လည်း ရန်ကုန်မြို့ပြသပိတ်အင်အားစုများက တောင်းဆိုထားသည်။