ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရွာကို မီးရှို့ကာ အရပ်သားများကို ဓါးစာခံ ဖမ်းခေါ် 

ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရွာကို မီးရှို့ကာ အရပ်သားများကို ဓါးစာခံ ဖမ်းခေါ် 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း နတ်မြောင်းနှင့် နတ်ချောင်းရွာတို့တွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်သည် ယနေ့ ၂၀၂၂ ခုနှစ် မတ်လ (၁၇) ရက်နေ့ နံနက်တွင် စစ်ကြောင်းထိုးလာရာ လမ်းတွင် တိုက်မိုင်းကွင်းအတွင်း ဝင်မိသည့်အပြင် နောက်ချန်ယာဉ်တန်းမှာလည်း ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အောင်ချမ်းသာရွာကို မီးဝင်ရှို့ကာ အရပ်သားများကို ဓားစာခံ ဖမ်းခေါ်သွားကြောင်း သိရသည်။

နံနက် (၇)နာရီခွဲ ဝန်းကျင်တွင် ချောင်းခွရွာမှတစ်ဆင့် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်သည် ချောင်းခွနှင့် အောင်ချမ်းသာကြားတွင် ကလေး PDF တို့၏ တိုက်မိုင်းကွင်းအတွင်း ဝင်မိ၍ပေါက်ကွဲသွားခြင်းဖြစ်ပြီး  နံနက် (၁၀)နာရီဝန်းကျင်တွင် နတ်ချောင်းရွာဘက်မှ ထွက်လာသည့် နောက်ချန်စစ်ယာဉ်တန်းမှာလည်း ပန်းမွန်ချောင်းတံတားအနီးတွင် ကလေး PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုများအတွင်း အာဏာသိမ်းတပ်ဘက်မှ သေဆုံး၊ ထိခိုက်မှုများရှိနိုင်ပြီး၎င်းတို့စစ်ကြောင်းထိုးရာလမ်းတလျှောက်တွင် လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်သွားကြောင်း သိရသည်။

ယင်းနောက် အာဏာသိမ်းစစ်တပ်သည်  နံနက် (၁၀)နာရီခွဲဝန်းကျင်တွင် အောင်ချမ်းသာရွာအတွင်း ဝင်ရောက်ပြီး နေအိမ် (၂၁)လုံးကို မီးရှို့သည့်အပြင် အရပ်သားပြည်သူ (၂၀)ဦးကို ဓါးစာခံဖမ်းခေါ်သွားပြီးနောက် ဟဲလုပ်နှင့် ခွေကြိမ်ရွာကြားတွင် (၁၉)ဦးကို ပြန်လွှတ်ပေးသော်လည်း ကျန် (၁)ဦးကို ဆက်လက်ခေါ်ဆောင်သွားသည်ဟု သိရသည်။

အာဏာသိမ်းတပ်သည် နတ်မြောင်းနှင့် နတ်ချောင်းရွာများတွင် တပ်စွဲထားစဉ်အတွင်း ပြည်သူ့နေအိမ်များကို ဖျက်ဆီးခြင်း၊ ပစ္စည်းများအား ယူငင်ခြင်း၊ နေအိမ်များမီးရှို့ခြင်းများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။