သရက်ချောင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်းကို PDF များဝင်စီး

သရက်ချောင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်းကို PDF များဝင်စီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့၏ ကာကင်းစခန်းကို ဒေသကာကွယ်ရေးတပ်များက ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လ(၁၂)ရက်နေ့တွင် ဝင်ရောက်စီးနင်း၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါကာကင်းစခန်းကို ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်စီးနင်းရာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ စခန်းကို စွန့်ခွာထွက်ပြေးသွားသဖြင့် စခန်းအတွင်းရှိ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့ပြီး စကားပြောစက်နှစ်လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ယနေ့ဇွန်လ(၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့၊ ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ထားဝယ်နဂါးတပ်ခွဲ(၂)၊ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုသိရသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် သရက်ချောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေရာက ယနေ့ ဇွန်လ (၁၅)ရက်နေ့ နံနက်ပိုင်းတွင် ရငဲရွာကားလမ်းမအနီး မြွေတောင် နှင့် မင်းဒပ်သုသာန်အနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ကျေးရွာ(၁၀)ရွာကျော်မှ ဒေသခံများ(၅၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

တိမ်းရှောင်နေရသည့်ရွာများမှာ ကနက်သီရီကျေးရွာအုပ်စု၊ မင်းဒပ်ကျေးရွာအုပ်စုနှင့် ရငဲကျေးရွာအုပ်စုတို့မှ မင်းဒပ်ရွာ၊ ဝင်းဝရွာ၊ သိမ်ကုန်းရွာ၊ ဝဲရစ်ရွာ၊ ကမြိုင်ရွာ၊ ကတွဲရွာ၊ ကညင်ချောင်းရွာ၊ ရငဲရွာ၊ ကျွဲမင်းကုန်းရွာ၊ ကျောက်ခမောက်ရွာနှင့် ကနက်သီရိရွာတို့ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : ဒေါင်းမင်းစစ်ဆင်ရေး