ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကိုခံရပြီးနောက် လက်ပံလှရွာတွင် စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းများ ထောင်ထားသဖြင့် ဒေသခံများ မိုင်းနင်းမိကာ မိုင်းအန္တရာယ်ကို စိုးရိမ်နေရ

ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကိုခံရပြီးနောက် လက်ပံလှရွာတွင် စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းများ ထောင်ထားသဖြင့် ဒေသခံများ မိုင်းနင်းမိကာ မိုင်းအန္တရာယ်ကို စိုးရိမ်နေရ
စက်တင်ဘာ 25, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ဝေါမြို့နယ်၊ လက်ပံကျေးရွာတွင် စစ်ကောင်စီတပ်များက ရွာအတွင်းနှင့် လယ်ယာမြေများတွင် မိုင်းထောင်ခြင်းကြောင့် ဒေသခံများ မိုင်းနင်းမိ၍ ဒဏ်ရာရခြင်းများရှိနေပြီး လယ်ယာမြေများသို့ မသွားလာရဲတော့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ပံကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများတပ်စွဲထားသော နေရာတစ်ခုကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့တွင် KNLA ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ကာ ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များက ပူးပေါင်းတပ်များ လာရောက်ပစ်ခတ်မည်စိုးသဖြင့် ကျေးရွာအနီးတဝိုက်တွင် မိုင်းများထောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ရွာအဝင်၊ ရွာပတ်လည်တွေနဲ့ လယ်ယာမြေတွေမှာ မိုင်းတွေထောင်ထားတယ်။ ရွာအဝင်လမ်းကြားတွေပေါ့။ လှည်းတွေမှာလည်း မိုင်းထောင်ထားတယ်။ အခုလက်ပံရွာကိုရောက်နေတဲ့ စစ်ကောင်စီတပ်က ဗိုလ်ကြီးဆီကိုတော့ ဒေသခံတွေက ဝိုင်းတင်ပြထားတယ်။ ဒီမိုင်းတွေရှင်းပေးဖို့ပေါ့နော်။ စပါးရိတ်သိမ်းချိန်လည်းရောက်တော့မယ်။ ဗိုလ်ကြီးကတော့ အထက်ကိုတင်ပြပေးမယ်လို့ပြောထားတယ်။ ဒေသခံတွေက ဘယ်မှမသွားရဲကြဘူး”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီတပ်များက ယင်းသို့နင်းမိုင်းများထောင်ထားခြင်းကြောင့် ပြီးခဲ့သည့် စက်တင်ဘာလ(၂၃)ရက်နေ့က လယ်ယာလုပ်ငန်းခွင်သို့ သွားသည့် လက်ပံရွာမှ ဒေသခံတစ်ဦး မိုင်းနင်းမိကာ ခြေထောက်တစ်ဖက် ပြတ်ထွက်ဒဏ်ရာဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။

“သူက လယ်ယာကိုသွားတာ ကန်သင်းလမ်းပေါ့။ ကန်သင်းဘေးလမ်းကြောင်းမှာ မိုင်းတက်နင်းမိလို့ ကွဲသွားတာ။ ခြေထောက်တစ်ဖက်ပြတ်သွားတယ်။ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ရတယ်။ သူမိုင်းမထိခင် နွားနှစ်ကောင်လည်း တစ်ရက်ခြားစီ မိုင်းမိတဲ့ဖြစ်စဉ်ရှိခဲ့တယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။ 

လက်ပံရွာသည် ပဲခူးတိုင်း ဝေါမြို့နယ် စစ်တောင်းမြစ်၏ တစ်ဖက်ကမ်းတွင်ရှိပြီး တစ်ဖက်ကမ်းတွင်မူ KNLA တပ်မဟာ(၁)နယ်မြေရှိနေသဖြင့် KNLA တပ်များက လက်ပံလှရွာဘက်သို့ကူးကာ ဝင်ရောက်ပစ်ခတ်မည်ကိုစိုးရိမ်သဖြင့် ကမ်းပါးနှင့် ရွာပတ်လည်တွင် မိုင်းထောင်ထားခြင်းဖြစ်သည်ဟု သိရသည်။

“ပြည်သူတွေကို အလေးအနက်မထားတာ။ အကြမ်းဖက်စစ်တပ်က သူတို့ကိုယ်သူတို့ကာကွယ်ဖို့ ပြည်သူကို ခုတုံးလုပ်ထားတာ။”ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

ဝေါမြို့နယ်တွင် စစ်ကောင်စီတပ်မ(၇၇)အပြင် တခြားတပ်ရင်းများလည်းရှိနေပြီး စစ်ကောင်စီတပ်က ပဲခူးတိုင်း၏ လုံခြုံရေးစည်းဟု သတ်မှတ်ထားကာ အနီရောင်နယ်မြေဟုလည်း သတ်မှတ်ထားခြင်းဖြစ်သည်။

#TachileikNewsAgency