မကွေးတိုင်းတွင် တစ်နေ့တာအတွင်း ထပ်တိုးလာသည့် အတည်ပြုလူနာ (၅၆)ဦးတွင် အတည်ပြုလူနာနှင့် ထိတွေ့သူ (၃၄)ဦး ပါဝင်

မကွေးတိုင်းတွင် တစ်နေ့တာအတွင်း ထပ်တိုးလာသည့် အတည်ပြုလူနာ (၅၆)ဦးတွင် အတည်ပြုလူနာနှင့် ထိတွေ့သူ (၃၄)ဦး ပါဝင်
ဇန်နဝါရီ 13, 2021 | Covid-19| အခြားဒေသများ

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့တွင် ထပ်တိုးလာသည့် အတည်ပြုလူနာ (၅၆) ဦးအနက် (၃၄)ဦးမှာ အတည်ပြုလူနာနှင့်ထိတွေ့သူများဖြစ်ကြောင်း သိရသည်။

 ဒီနေ့ တစ်နေ့တည်းမှာပဲ အတည်ပြုလူနာ (၅၆) ဦး ထပ်တိုးတွေ့ရှိရပြန်ပါတယ်။ အတည်ပြုလူနာနဲ့ ထိတွေ့ပြီး ကူးစက်ခံရသူက (၃၄) ဦးအထိပါရှိပြီး အနံ့ပျောက်လက္ခဏာရှိသူက (၄)ဦး ပါရှိပါတယ်။ မကွေးမြို့နယ်မှာ ၂၀၂၁ခုနှစ် ဇန်နဝါရီလ (၁၃) ရက်နေ့ ညနေပိုင်းအထိ ပိုးတွေ့လူနာ (၃၉၁) ဦးအထိရှိလာပြီဖြစ်လို့ တိုင်းအတွင်း အောင်လံပြီးရင် ဒုတိယ ပိုးတွေ့လူနာ အများဆုံးဖြစ်လာပါပြီ

ဟု မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း ထပ်တိုးလာသည့် အတည်ပြုလူနာများမှာ ချောက်မြို့နယ်မှ (၃)ဦး၊ အောင်လံမြို့နယ်မှ(၁၂)ဦး၊ မင်းဘူးမြို့နယ်မှ (၁၃)ဦး၊ ပွင့်ဖြူမြို့နယ်မှ (၄)ဦး၊ တောင်တွင်းကြီးမြို့နယ်မှ (၄)ဦး၊ စလင်းမြို့နယ်မှ (၁၁)ဦး၊ ပခုက္ကူမြို့နယ်မှ (၃)ဦး၊ ရေနံချောင်းမြို့နယ်မှ (၂)ဦး၊ မကွေးမြို့နယ်မှ (၂)ဦး၊ နတ်မောက်မြို့နယ်မှ (၁)ဦးနှင့် မြို့သစ်မြို့နယ်မှ (၁)ဦးတို့ ပါဝင်သည်။

 မကွေးတိုင်းမှာတော့ ပိုးတွေ့လူနာနဲ့ ထိတွေ့ပြီး ကူးစက်ခံရသူအရေအတွက်နဲ့ အနံံပျောက်လက္ခဏာရှိ သူအရေအတွက်က နေ့စဉ်တိုးပွားနေတာကို တွေ့ရပါတယ်။ မကွေးမြို့မှာဆိုလည်း ရပ်ကွက်အနှံ့အပြားမှာ ကူးစက်ခံနေရပြီး ဟင်္သာညီနောင်၊ ကောင်းမွန်နဲ့ ရှော့ပင်းမောလ်တို့လို စူပါမားကတ်ကြီးတွေက ဝန်ထမ်းတွေမှာလည်း ပိုးကူးစက်ခံနေရသူတွေ တွေ့နေရပါတယ်

ဟု မကွေးမြို့ခံ ဦးဝင်းသူက ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဇန်နဝါရီလ (၁၃) ရက်နေ့ ည (၇) နာရီအချိန်ထိ ပိုးတွေ့လူနာစုစုပေါင်း (၂၉၀၀) ဦးအထိ ရှိကာ သေဆုံးသူ (၉)ဦးအထိ ရှိလာကြောင်း သိရသည်။

Tachileik News Agency

သတင်း-ဖီးနစ်

ဓာတ်ပုံ- Si Phyo Thu

 

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...