လူခို့ ညောင်ချောင်းနေရာတွင် နယ်မြေရှင်းလင်းရင်း  ကော်ဘရာ ပူးပေါင်း စစ်ကြောင်းနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှု ရှိ

လူခို့ ညောင်ချောင်းနေရာတွင် နယ်မြေရှင်းလင်းရင်း  ကော်ဘရာ ပူးပေါင်း စစ်ကြောင်းနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှု ရှိ
အောက်တိုဘာ 28, 2022 | 2021 Military Coup| အခြားဒေသများ

 

ကရင်ပြည်နယ်၊ KNU/KNLA ၏ တပ်မဟာ (၆)အတွင်းရှိ လူခို့ ညောင်ချောင်းနေရာအား နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့်  KNLA တပ်ရင်း (၂၇)  ကော်ဘရာ ပူးပေါင်း စစ်ကြောင်းနှင့်  အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများရှိသည်ဟု သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၈)ရက်နေ့ နေ့လည်(၁)နာရီဝန်းကျင်အချိန်က နယ်မြေရှင်းလင်းရေး ပြုလုပ်နေသည့်  KNLA တပ်ရင်း (၂၇)  ကော်ဘရာ ပူးပေါင်း စစ်ကြောင်းနှင့် အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်မ (၄၄)လက်အောက်ခံ ခမရ(၂၀၇)နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကျော်ဝါးဘိုး ဘုရားကုန်းတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောသ်စီတပ်ဘက်က (၁၂၀) မမ လက်နက်ကြီး နှင့် (၁၂၂) မမ Four Tube ဒုံးပစ်လက်နက်ကြီးများဖြင့် ညနေ(၃)နာရီခွဲဝန်းကျင်အထိ ဆက်ဆိုက် ပစ်ကူကာ တိုက်ခိုက်လာသော်လည်း ပြည်သူ့စစ်သည်တော်များဘက်က ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း ကော်ဘရာကြောင်းက သတင်းထုတ်ပြန်ထားသည်။

"တောင်နီကျေးရွာအနီးတွင် အခြေပြုနေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၄) အား KNLA တပ်ရင်း (၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း တပ်ခွဲ (၂) ပူးပေါင်း အဖွဲ့က လက်ဖြောင့်စနိုက်ဘာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီဘက်မှ (၁) ဦး သေဆုံးကြောင်း စစ်မြေပြင် သတင်းအတည်ပြုချက် ရရှိပါသည်။"ဟုလည်း သတင်းထုတ်ပြန်ထားသည်။



ဆုံဆည်းမြိုင်ကျေးရွာတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ် (၁၂၀)မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘလက်တိုကျေးရွာအတွင်းရှိ ဒေသခံပြည်သူမျာ၏ နေအိမ်(၂)လုံးလည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ(၂၂)ရက်နေ့က လူခို့ ညောင်ချောင်းနှင့် ဆုံဆည်းမြိုင်တို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် နှစ်ဖက် ညှပ်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ  KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်း၊ တပ်မဟာ စစ်ကြောင်း တပ်ခွဲ(၂) တို့မှ  ပြန်လည် ခုခံတိုက်ခိုက်သည့်အတွက် အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က (၄)ဦး သေဆုံးမှုရှိခဲ့ကြောင်းလည်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်သည် ကျေးရွာများအတွင်း ဘုရားကုန်းနှင့် လူနေအိမ်အနီးကုန်းအမြင့်များတွင် တပ်စွဲထားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိကြောင်း သိရသည်။