ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်သဖြင့် ကလေးနှစ်ဦးအပါ (၅) ဦးဒဏ်ရာရပြီး ဒေသခံများ ထွက်ပြေးနေရ

Photo: KNU
Photo: KNU
ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်သဖြင့် ကလေးနှစ်ဦးအပါ (၅) ဦးဒဏ်ရာရပြီး ဒေသခံများ ထွက်ပြေးနေရ

 ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ပေတူး၊ စပ်လဲကျေးရွာတွင်းသို့ အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီး(၁၀)လုံးကျော် ပစ်ခတ်ခဲ့သဖြင့် ကလေးနှစ်ဦးအပါအဝင်( ၅ ) ဦး ဒဏ်ရာရကာ ‌ဒေသခံများထွက်ပြေးတိမ်း ရှောင်ခဲ့ရကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ ဧပြီလ (၄)ရက်နေ့မှ (၅ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်မ(၇၇) သည် ကျောက်ကြီးမြို့ရှိ ဆင်မတောင်၊ ခြေတော်ရံနှင့် ဆိပ်ကြီးမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်(၁၁)နှစ်နှင့် (၁၃)နှစ် အရွယ် ကလေး (၂)ဦး အပါအဝင် (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

ထိခိုက်ဒဏ်ရာရရှိသူများမှာ စပ်လဲကျေးရွာမှ အသက် (၄၀)နှစ်ရှိ ညားခင်ခင်၊ အသက် (၁၆)နှစ်ရှိ စောအယ်ကညော၊ အသက်(၁၃) ရှိ စောဟဲနေစေး၊ အသက်(၄၅)နှစ်ရှိ ညားနော်ကေမူးနှင့် အသက် (၁၁)နှစ်ရှိ စောထီးရှီး တို့ ဖြစ်ကြောင်း KNU ဗဟိုက ယနေ့ ဧပြီလ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ပေတူးကျေးရွာနှင့် စပ်လဲကျေးရွာမှ ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ရသည့်အပြင် အနီးအနားရှိ ကျေးရွာများဖြစ်သော လော်မူသောကျေးရွာမှ ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကာ ဒေသခံ (၁၀၅၆)ဦး တိမ်း ရှောင်နေကြရသည်ဟု သိရသည်။



 

စစ်ကောင်စီတပ်၏ တပ်မ(၇၇)သည် မတ်လ(၃၀)ရက်နေ့တွင် နရွဲပင်ကျေးရွာနှင့် ကြို့ကုန်းကျေးရွာသို့ဝင်ရောက်ကာ KNLA နှင့် PDF တပ်များ၏ အခြေအနေကို မေးမြန်းပြီး ကြို့ကုန်းကျေးရွာမှ ကလေး လူကြီးနှင့် ဒေသခံစုစုပေါင်း (၁၀)ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု သိရသည်။

 

ထို့နောက် ဧပြီလ(၃)ရက်နေ့၏ ညနေပိုင်းတွင် (၉)ဦးကို ပြန်လွတ်ပေးခဲ့ပြီး ကျန်တစ်ဦးဖြစ်သည့် ဦးစိန်မြိုင်ကို ညောင်တန်းကျေးရွာအထိ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဧပြီလ(၄)ရက်၊ နံနက်တွင်မှသာ ပြန်လွတ်ပေးခဲ့သည်ဟု သိရသည်။

ဒါ့အပြင် ညောင်တန်းကျေးရွာမှ ကျောက်ကြီးမြို့သို့ ပြန်သွားချိန်တွင် ဒေသခံတစ်ဦးကို ခေါင်းစွပ်ကာဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ထိုဖမ်းဆီးခေါ်ဆောင်ခံရသူမှာ မည်သူဖြစ်ကြောင်း အတည်မပြုနိုင်သေးဟု ဆိုသည်။

#TachileikNewsAgency