ပခုက္ကူခရိုင်အတွင်း ပုဂံစွယ်တော်လေးဆူကို လှမ်းဖူးမြင်နိုင်သည့် တောင်ကုန်းအား ရှုခင်းသာနေရာ ဖေါ်ဆောင်မည်

ပခုက္ကူခရိုင်အတွင်း ပုဂံစွယ်တော်လေးဆူကို လှမ်းဖူးမြင်နိုင်သည့် တောင်ကုန်းအား ရှုခင်းသာနေရာ ဖေါ်ဆောင်မည်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်း ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ပုဂံစွယ်တော်လေးဆူကို လှမ်း၍ဖူးမြင်နိုင်မည့် တောင်ကုန်းအား အများပြည်သူ လည်ပတ်နိုင်သည့် ရှုခင်းသာနေရာအဖြစ် အကောင်အထည်ဖေါ်ရန် ပခုက္ကူခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီက တင်ပြထားကြောင်း သိရသည်။

ပခုက္ကူခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီအစည်းအဝေးကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့က ကျင်းပပြီး ယင်းအစီအစဉ်ကို တိုင်းဒေသကြီးအဆင့်ကော်မတီသို့ တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

ပခုက္ကူခရိုင်ထဲမှာပါတဲ့ စွယ်တော်လေးဆူကို တစ်ပြိုင်တည်း လှမ်းပြီးဖူးနိုင်တဲ့ အရာတော်ရေနံမြေ အရာရှိဧည့်ရိပ်သာအနီးက တောင်ကုန်းလေးကို ကိုဗစ်ကာလအလွန်မှာ Social Distancing နဲ့အညီ ရှုခင်းသာ (view point) ပြုလုပ်ဖို့ ပခုက္ကူခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး (DMO) ကော်မတီက တင်ပြလာပါတယ်။ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီက အတည်ပြုရင် အကောင်အထည်ဖော်သွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်

ဟု မကွေးတိုင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်စိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပုဂံဘုရားသွားရောက်ဖူးမြောက်သူများက စွယ်တော်လေးဆူအား တစ်နေ့တည်း သွားရောက် ဖူးမြော်နိုင်ပါက ဆုတောင်းပြည့်သည်ဟု ယုံကြည်မှုဖြင့် ဖူးမြော်လေ့ရှိကြရာ စွယ်တော်လေးဆူကို တစ်ပြိုင်တည်း ဖူး၍ရနိုင်သည့် အဆိုပါတောင်ကုန်းနေရာအား Social Distancing နှင့်အညီ ရှုခင်းသာနေရာအဖြစ် ဖော်ဆောင်နိုင်မည်ဆိုပါက တန့်ကြည့်တောင်ဒေသအနီးရှိ ဒေသခံများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည့်အပြင် တန့်ကြည့်တောင် စိမ်းလန်းစိုပြေရေးအတွက်လည်း အထောက်အကူပြုနိုင်မည်ဟု ပခုက္ကူခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး (DMO) ကော်မတီက တင်ပြထားသည်။

ထို့အပြင် တန့်ကြည့်တောင်၌ ဆင်စခန်းပြုလုပ်ခွင့်ရရန် လုပ်ငန်းရှင်တစ်ဦးက ကြိုးစားနေပြီး ပုဂံ-ပခုက္ကူ မီးရထားခရီးစဉ် လမ်းကြောင်းတစ်ခုကိုလည်း အကောင်အထည်ဖော်ဆောင်နိုင်ရန် တင်ပြထားမှုရှိကြောင်း သိရသည်။

သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက ဥက္ကဌအဖြစ် တာဝန်ယူသော ခရီးစဉ် ဒေသစီမံခန့်ခွဲရေး (DMO)ကော်မတီကို မကွေးတိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပ ခရီးသွားများ အသွားအလာများသည့် ပခုက္ကူခရိုင်နှင့် မင်းဘူးခရိုင်၊ မြို့နယ်အနေဖြင့် မြိုင်မြို့နယ်နှင့် ပွင့်ဖြူမြို့နယ် တို့တွင် ဖွဲ့စည်းထားရှိခြင်းဖြစ်သည်။

သတင်း-ဖီးနစ်

ဓာတ်ပုံ-ဟိုတယ်ခရီး

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...