မုံရွာ - စစ်ကိုင်းလမ်းပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီယာဉ်တန်းများကို မိုင်း (၂၄)လုံး အပါအဝင် လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက် 

မုံရွာ - စစ်ကိုင်းလမ်းပိုင်း
မုံရွာ - စစ်ကိုင်းလမ်းပိုင်း
မုံရွာ - စစ်ကိုင်းလမ်းပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီယာဉ်တန်းများကို မိုင်း (၂၄)လုံး အပါအဝင် လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက် 
ဖေဖော်ဝါရီ 15, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်း  မုံရွာ - စစ်ကိုင်းလမ်းပိုင်းအတွင်း ယနေ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီယာဉ်တန်းများကို မိုင်း(၂၄) လုံး‌ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ကြီးဖြင့်ပါ ပစ်ခတ်တိုက်ခိုက်သဖြင့် အာဏာသိမ်းတပ်ဖွဲ့ဝင် အများအပြားသေဆုံးကာ ယာဉ်များပျက်စီးသွားကြောင်း မြင်းမူလျှပ်စီးပျောက်ကျားအဖွဲ့က ထုတ်ပြန်သည်။

ယနေ့နံနက်ပိုင်းက မုံရွာမှ စစ်ကိုင်းသို့သွားသည့် စစ်ကောင်စီကား (၁၂)စီးပါ ယာဉ်တန်းအား မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာ  နှင့် ဝမ်းပြည့်ကျေးရွာအကြားတွင် မိုင်း(၁၂)လုံးဖောက်ခွဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ရာ ကား(၂) စီးထိမှန်ခဲ့ပြီး (၁)စီးမှာ လုံးဝပျက်ဆီးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် နေ့လည်ပိုင်းတွင် စစ်ကိုင်းမှ မုံရွာသို့သွားသော စစ်ကောင်စီ ကား(၄)စီးပါယာဥ်တန်းအား မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာအကြားတွင်ပင် မိုင်း(၁၂)လုံးအပြင် လက်နက်ကြီးဖြင့်ပါ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုတွင် တတိယမြောက်ကားမှာ ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြားသေသည်ဟု ခန့်မှန်းရပြီး အာဏာသိမ်းတပ်ဘက်က ပြန်လည်ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့ Black Eagle Defence Force- MMU(မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)မှ ဦးဆောင်၍ People's Defence Force Myinmu-MMU PDF ၊ Myinmu Lightning Guerrilla Force(မြင်းမူလျှပ်စီး ပျောက်ကျားအဖွဲ့)၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ - CDSOM ၊ Myinmu Local Defence Force-MLDF စသည့်မဟာမိတ်(၅)ဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။