ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် စစ်ကူတပ်ဖွဲ့အား PDF တပ်က ဒရုန်းဗုံးသီး အလုံး ၂၀၀ ကျော်ချ တိုက်ခိုက်

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် စစ်ကူတပ်ဖွဲ့အား PDF တပ်က ဒရုန်းဗုံးသီး အလုံး ၂၀၀ ကျော်ချ တိုက်ခိုက်
စက်တင်ဘာ 15, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့၏ ကွီလုံတိုင်စစ်စခန်းနှင့် စစ်ကူတပ်ဖွဲ့တို့ကို ရက်ပေါင်း(၂၀)အတွင်း ဒရုန်းဖြင့် ဗုံးသီးအလုံးပေါင်း (၂၀၀)ကျော်ချ တိုက်ခိုက်နိုင်ခဲ့ကြောင်း Cold Wingsတပ်ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါတပ်စခန်းနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၄)ရက်နေ့မှ စက်တင်ဘာလ (၁၄)ရက်နေ့အထိ (၁၀၇)မမ၊ (၈၁)မမ၊ (၆၀)မမ စသည့် ဗုံးသီးအလုံး (၂၀၀)ကျော်အား ဒရုန်းဖြင့်ချကာ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွီလုံတိုင်စစ်စခန်းအား မဆုံးရှုံးစေရန် စခန်းအတွင်းသို့ လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများအား ထိုင်းနိုင်ငံဘက်ခြမ်းမှတဆင့် စစ်ကူလာပို့လာသည့် အင်အား(၁၀၀)ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကိုလည်း စက်တင်ဘာလ (၆)ရက်နေ့မှစတင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း ခမရ(၃၃၉)၊ ခမရ(၅၆၁)နှင့် ခမရ(၅၅၇)အစရှိသည့်တပ်များ ပါဝင်တိုက်ခိုက်ခဲ့ကြပြီး လေကြောင်းပစ်ကူများလည်း ပေးခဲ့သည်ဟု သိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သားများကို ထိုင်းဘက်ခြမ်းမှတဆင့် ကားများဖြင့် သယ်ဆောင်သွားသည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ ဦးစီးဦးဆောင်မှု၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)၊ မဟာမိတ်တပ်ဖွဲ့များနှင့်အတူ (Cloud Wings)ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Cloud Wings