ပခုက္ကူနည်းပညာတက္ကသိုလ်(GTC)ကျောင်းတွင် ရေလာတင်သည့် ရဲနှစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

မကွေးတိုင်း ပခုက္ကူမြို့နယ် ပခုက္ကူနည်းပညာတက္ကသိုလ်(GTC)ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို Southern YSO PDF တပ်ဖွဲ့က ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ(၂)ဦး သေဆုံးကြောင်း သိရသည်။

GTC ကျောင်းဝန်းအတွင်းရှိ ရေစင်တွင် ဆိုင်ကယ်ဖြင့် ရေစက်အပိတ်၊ အဖွင့် လာရောက်ပြုလုပ်သည့် ရဲတပ်ဖွဲ့ဝင်(၂)ဦးကို  Southern YSO PDF တပ်ဖွဲ့က ရေစင်အနီးသို့ကပ်၍ စောင့်ဆိုင်းကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“GTC ကျောင်းဝန်းထဲမှာ တပ်စွဲထားတဲ့ ခွေးကင်းဂိတ်စခန်းကို ကျွန်တော်တို့ဝင်ပစ်တာ။ GTCကျောင်းဝန်းထဲမှာ ရေစင်ဆိုတာရှိတယ်။ အဲဒီရေစင်ကို သူတို့က ပုံမှန်ပေါ့ ရေတင်၊ ရေချ အမြဲတမ်းလုပ်တဲ့ ရဲခွေးနှစ်ကောင် အမြဲတမ်းရှိတယ်။ ဆိုင်ကယ်လေးနဲ့လာတယ်၊ ပြန်တယ်ပေါ့။ GTC ဝန်းကြီးကလည်း တစ်မိုင်ခွဲပတ်ချာလည်လောက်ကျယ်တယ်လေ။ သူတို့ကင်းပုန်း၊ ဘန်ကာနေရာယူထားတဲ့ အနီးအနားထိ ကျွန်တော်တို့ချဉ်းကပ်ပြီး အနီးကပ် တိုက်ခိုက်ခဲ့တယ်ပေါ့။”ဟု Southern YSO PDFတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

ကြိုတင်သတင်းရရှိသဖြင့် စောင့်ဆိုင်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲ(၂)ဦးတွင် လက်နက်များမပါသဖြင့် လက်နက်မရရှိခဲ့ဟုလည်း ၎င်းကဆိုသည်။

“လက်နက်ကတော့ မရခဲ့ဘူး။ ကျွန်တော်တို့က ကြိုတင်သတင်းရရှိတာကြာပြီလေ။ သူတို့ကလည်း သူတို့ပိုင်နက်ထဲဖြစ်တဲ့အတွက် အမြဲတမ်း ရေတင်၊ ရေချ ဆိုင်ကယ်လေးနဲ့ နှစ်ယောက်အမြဲတမ်းလာတယ်။ လက်နက်ကတော့ ပါမလာခဲ့ဘူး။”ဟု ၎င်းကဆက်ပြောသည်။

ရဲနှစ်ဦးပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က ရောက်ရှိလာပြီး အလောင်းကောက်ကာ ပြန်သယ်သွားကြသည်ဟု သိရသည်။

#TachileikNewsAgency

Video : Southern YSO PDF