စစ်ကိုင်းတပ်မ (၃၃)မှ ထွက်လာသော ကားနှစ်စီးအား ပဒေသာမိုင်း (၅)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

စစ်ကိုင်းတပ်မ (၃၃)မှ ထွက်လာသော (၆)ဘီးကားနှင့် (၁၂)ဘီးကား စုစုပေါင်း နှစ်စီးကို မုံရွာချောင်းဦးလမ်းပိုင်းတစ်နေရာ၌ ပဒေသာမိုင်း ငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း BRAVE HEART ARMY–BHAအဖွဲ့မှ ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ(၁၂)ရက်နေ့တွင် ထုတ်ပြန်သည်။

ဧပြီလ (၁၁) ရက်နေ့ ညနေလေးနာရီခန့်တွင် စစ်ကိုင်းတပ်မ (၃၃)မှ ထွက်လာသော ၆ ဘီးကားတစ်စီးအား မုံရွာချောင်းဦးလမ်းပိုင်းတစ်နေရာ၌ ပဒေသာမိုင်း ၅လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ အဆိုပါကားမှာ လမ်းဘေးတွင် ၁ နာရီခွဲခန့်ထိုးရပ်ခဲ့ပြီး စစ်ကောင်စီတိုက်ဖွဲ့ဝင်များ အထိအခိုက်ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်၍ အဆိုပါလမ်းပေါ်တွင် တပ်မ(၃၃)မှ ထွက်လာသော ၁၂ ဘီးကားအား တိုက်ခိုက်ရန် စောင့်ဆိုင်းနေချိန်တွင် နာမည်ဆိုးဖြင့်ကျော်ကြားသည့် တောပုပျူစောထီးကျေးရွာမှ ပျူစောထီးများ ဆင်ခံဘုရားအနီးတွင် မိုင်းလာရှင်းသည်နှင့်ဆုံတွေ့၍ ရဲဘော်များမှ ဆီးကြိုတိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါသေဆုံးနှင့် ထိခိုက်ဒဏ်ရာရသူများအား LIGHT TRUCKကားဖြင့် မုံရွာနမခသို့ တင်သွား‌ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါတိုက်ခိုက်မှုအား BRAVE HEART ARMY-BHAမှ ဦးဆောင်ပြီး CHINDWIN FIGHTER GROUP(CFG)နှင့် ဗန္ဒုလနှင့်အဖွဲ့သားများ တို့မှ လက်တွဲညီညီ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုအပြီးတွင် ပျူစောထီးများမှ စက်လက်များနှင့် ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့ ရဲဘော်များဘက်မှ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

#TachileikNewsAgency