မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို နှစ်ရက်အတွင်း ဒရုန်းဖြင့်ဗုံးသီးအလုံး ၈၀ ချတိုက်ခိုက်

မကွေးတိုင်း ပခုက္ကူမှ မြိုင်မြို့နယ်သို့လာသည့် စစ်ကောင်စီတပ် ထောက်ပို့စစ်ကြောင်းအား လုံခြုံရေးပေးမည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများကို ဒေသကာကွယ်ရေးတပ်များက နှစ်ရက်အတွင်း မိုင်းဆွဲခြင်း အပါအဝင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း မြိုင်မြို့နယ်ပကဖထံမှ သိရသည်။

ထောက်ပို့ကားများအား လုံခြုံရေးယူပေးရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တွင်းမရွာ ပျူစောထီးစခန်းမြောက်ဘက်တွင် ဩဂုတ်လ (၃၀)ရက်နေ့ နံနက်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ဩဂုတ်လ (၃၁)ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ ထောက်ပို့ကားများကို လုံခြုံရေးယူပေးနေသော ကင်းအား ဒရုန်းဖြင့် အီနာဂါဗုံးသီးအလုံး(၈၀)ဝန်းကျင်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။  

အဆိုပါ နှစ်ရက်အတွင်း တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများ ထိခိုက်သေဆုံးသူ ရှိနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့် ဩဂုတ်လ(၃၀)ရက်နေ့ ညနေပိုင်းတွင် သာစည်ကျေးရွာမှ အရပ်သားတစ်ဦး၊ ဩဂုတ်လ(၃၁)ရက်နေ့တွင် မြေရင့်ကျေးရွာမှ အရပ်သားတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်ဖွဲ့သည် ပခုက္ကူမြို့နယ် မန်ကျည်းတန်းရွာမှ အရပ်သားတစ်ဦးကိုလည်း ပစ်သတ်ခဲ့သည်ဟု မြိုင်မြို့နယ်ပကဖက ယနေ့ စက်တင်ဘာလ (၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ကို မြိုင်ပကဖ တင်းရင်း(၁)၊ တပ်ခွဲ(၁)၊ တပ်ခွဲ(၂)၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ Myaing Warriorsတပ်ဖွဲ့၊ Hero New GZ တပ်ဖွဲ့၊ MRDF တပ်ဖွဲ့၊ MFDF တပ်ဖွဲ့၊ KMDF(ကမ္မဒေသ ကာကွယ်ရေးတပ်ဖွဲ့)၊ MVRF တပ်ရင်းနှင့် Egal Brigade တပ်ဖွဲ့တို့က ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : မြိုင်-ပကဖ