ထီးလင်းမြို့ရှိ ရဲစခန်း၊ ထွေအုပ်နှင့် တရားရုံးတို့အား သုံးရက်အတွင်း ဆက်တိုက်တိုက်ခိုက် 

ထီးလင်းမြို့ရှိ ရဲစခန်း၊ ထွေအုပ်နှင့် တရားရုံးတို့အား နှစ်ဆန်းတစ်ရက်နေ့ကစပြီး သုံးရက်အတွင်း ဆက်တိုက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ယောတော်လှန်ရေးတပ် YRA-ထီးလင်း၏ ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ (၂၁) ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

ဧပြီလ (၁၇)ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ထီးလင်းမြို့ ထွေအုပ်ရုံးနှင့် တရားရုံးတို့အား ၆၀ မမ (၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယင်းနေ့တွင်ပင် ရေမျက်နီရဲစခန်းသို့ ၄၀ မမ ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုနှင့်ပက်သက်ပြီး သိရှိနိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဧပြီလ (၁၈) ရက်နေ့ ညနေ (၆)နာရီခန့်တွင် ရေမျက်နီနယ်မြေ ရဲကင်းစခန်းအား ၆၀ မမ ဒရုန်းဗုံးသီး ၂ လုံး ကြဲချပြီး (၄၀) မမ (၄)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ဧပြီလ (၁၉) ရက်နေ့ ညနေ (၆)နာရီကျော်ခန့်တွင် ထီးလင်းမြို့မရဲစခန်းနှင့် ရုပ်သံရုံးအား ၆၀ မမ ဒရုန်းဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သုံးရက်တာတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ရိက္ခာဖြတ်တောက်မှုနှင့် စိတ်ဓါတ်ချိုးနှိမ်မှုများအား ယနေ့အချိန်အထိ ထိန်းသိမ်းထားနိုင်ဆဲဖြစ်ကြောင်း YRA-ထီးလင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#TachileikNewsAgency