လားရှိုးမြို့နယ် အီနိုင်းကျေးရွာအနီးရှိ TNLA တပ်စခန်းအား စစ်ကောင်စီတပ် ဗုံးကြဲ 

လားရှိုးမြို့နယ် အီနိုင်းကျေးရွာအနီးရှိ TNLA တပ်စခန်းအား စစ်ကောင်စီတပ် ဗုံးကြဲ 
ဇူလိုင် 28, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာအနီးရှိ TNLA တပ်စခန်းအား စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Mi-35 တိုက်ရဟတ်ယာဥ် (၂)စီးဖြင့် TNLA တပ်မဟာ(၄)ရှိရာ အီနိုင်း(နတ်စင်ကုန်း)အနီးကို ဗုံး(၁၅)လုံးထက်မနည်း ကြဲချခဲ့သည်ဟု TNLAဘက်က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အဆိုပါ စစ်ကောင်စီလေယာဥ်များသည် လားရှိုးမြို့ပေါ်တွင် မိနစ်အနည်းငယ် ပျံဝဲနေပြီးနောက် (၅)မိနစ်အကြာတွင် TNLAစခန်းကို လာရောက် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး TNLAတပ်ဖွဲ့မှ ရဲဘော်(၅)ဦး ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ဒေသခံ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

ဇူလိုင်လ (၂၆)ရက်နေ့ကလည်း လားရှိုးမြို့မှ သီပေါသို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်၏ ကား(၈)စီးပါ ယာဥ်တန်းကို TNLAတပ်ဖွဲ့က လားရှိုးမြို့နယ် ခေနင်းနှင့် နာယာမအကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ 

 

ထို့အပြင် ဇူလိုင်လ (၂၅)ရက်နေ့တွင်လည်း မူဆယ်မြို့နယ်၊ ဆိုင်ခေါင်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေကြောင်းမှပါ ဗုံးကြဲပစ်ခတ်ခဲ့ရာ ဒေသခံတစ်ဦး သေဆုံးပြီး နေအိမ်(၄)လုံး ပျက်စီးခဲ့ကာ သေဆုံးသွားသည့် ဆိုင်ခေါင်ဒေသခံ ရုပ်အလောင်းအား စစ်ကောင်စီတပ် ခလရ(၂၄၁)က ယူသွားသည်ဟု သိရသည်။

#TachileikNewsAgency