ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယအမြဲတမ်းအတွင်းဝန် CDM တွင် ပါဝင်လာ

ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယအမြဲတမ်းအတွင်းဝန် CDM တွင် ပါဝင်လာ

စစ်အာဏာသိမ်းမှု လက်မခံသည့် ပြည်သူ့ဝန်ထမ်းများ၏ CDM တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန် (ဒုတိယညွှန်ကြားရေးမှုးချုပ်) ဦးသန့်ဇင်လည်း ပါဝင်လာသဖြင့် CDM လှုပ်ရှားမှုတွင် ပြည်တွင်းမှ အဆင့်မြင့်ဆုံးဝန်ထမ်းတစ်ဦး ပါဝင်လာခြင်းဖြစ်သည်။

စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူလူထု၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်မှုကို စစ်တပ်နှင့်ရဲက အင်အားသုံးပစ်ခတ်ဖြိုခွဲမှုကြောင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့အတွင်း လူပေါင်း (၁၈)ဦးထက်မနည်း သေဆုံးခဲ့ရပြီးနောက် ဒုတိယအမြဲတမ်းအတွင်းဝန်က CDM တွင်ပါဝင်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးလာခြင်းဖြစ်သည်။

“ငါ့ကို တရားဝင်အစိုးရ၊ အဖွဲ့အစည်းများက ဝန်ထမ်းဥပဒေနဲ့အညီ ရာထူးတိုးပေးခဲ့ကြတယ်။ ငါဝမ်းသာတယ်၊ ငါဂုဏ်ယူတယ်။ အခု ငါ့ရာထူး ဒုတိယညွှန်ကြားရေးမှူးချုပ်တဲ့။

ဒုတိယ အမြဲတမ်း အတွင်းဝန်တဲ့။ အဲဒီရာထူးကို ပြည်သူတွေအတွက် လှူဒါန်းလိုက်တယ်။ ငါဘာမှမဟုတ်တော့ဘူး။ မင်းတို့ပြည်သူတွေနဲ့ အိုးစားဖက်။ အရေးတော်ပုံအတွက် ငါ့ဘဝကို ဖောင်ဖျက်လိုက်ပြီဟေ့။ အရေးတော်ပုံ အောင်ရမည်။”ဟု ရေးသားထားခြင်းဖြစ်သည်။



 စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်ခြင်းကို လက်မခံသဖြင့် ပြည်သူ့ဝန်ထမ်းများက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော အာဏာဖီဆန်ရေးလှုပ်ရှား (CDM) လုပ်ဆောင်နေကြခြင်းဖြစ်သည်။

Tachileik News Agency