မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ လုံခြုံရေး ရဲဝန်ထမ်းတစ်ဦးတွင် Covid-19 ပိုးတွေ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ လုံခြုံရေး ရဲဝန်ထမ်းတစ်ဦးတွင် Covid-19 ပိုးတွေ့
ဒီဇင်ဘာ 8, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏  လုံခြုံရေး ရဲဝန်ထမ်းတစ်ဦးတွင် Covid-19 ပိုးတွေ့
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းမှ လုံခြုံရေး ရဲဝန်ထမ်း(၁)ဦး အနံ့ပျောက်နေ၍ စစ်ဆေးရာက Covid-19 ကူးစက်ခံထားရကြောင်း သိရသည်။
“သူက လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဆိုင်ကယ်ဆိုင်တွေသွားတယ်သိရလို့ အဲဒီက ကူးလာတာလား၊ ဂိတ်ပေါက်ကဝင်လာသူတွေဆီက ကူးသလားတော့ မသိသေးဘူး။ ဝန်ကြီးတွေကတော့ အရှေ့ဘက် ဂိတ်ပေါက်က ကားနဲ့ဝင်ကြတာဆိုတော့ ထိတွေ့မှုမရှိပါဘူး။ အဲဒီဂိတ်မှာ သွားထိုင်တတ်တဲ့ ရုံးဝန်ထမ်း တစ်ချို့နဲ့ ယာဉ်မောင်းအချို့ကိုတော့ အလုပ်မဆင်းစေဘဲ အိမ်မှာပဲ ခဏ နားခိုင်းထားပါတယ်”ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှု ရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားသည်။
အစိုးရအဖွဲ့ရုံး မြောက်ဘက်ဝင်ပေါက်ဂိတ်မှ လုံခြုံရေးရဲဝန်ထမ်းမှာ ဒီဇင်ဘာ(၆)ရက်နေ့က အနံ့မရ၍  SWAB ယူ စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိကြောင်း အဖြေထွက်ရှိခဲ့ခြင်းကြောင့် ၎င်းနှင့်အတူ တာဝန်ကျလုံခြုံရေး ရဲဝန်ထမ်း (၆)ဦးကိုလည်း ဆက်လက်၍ SWAB ယူစစ်ဆေးခဲ့ရာတွင် ပိုးမတွေ့အဖြေထွက်ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ(၆)ရက်နေ့က COVID-19 ပိုးတွေ့ရှိသည့် အဆိုပါ ရဲဝန်ထမ်းနှင့်အတူ တာဝန်ကျလုံခြုံရေးဝန်ထမ်း(၆)ဦးအား စစ်ဆေးရာ ပိုးမတွေ့  အဖြေထွက်ခဲ့သော်လည်း ၎င်းနှင့်ထိတွေ့မှုရှိခဲ့သူ ရုံးဝန်ထမ်းအချို့အား ခေတ္တအလုပ်မဆင်းစေဘဲ နေအိမ်တွင် နေထိုင်စေကြောင်း သိရသည်။
ဒီဇင်ဘာ(၇)ရက် မွန်းလွဲပိုင်း(၁)နာရီအချိန် ထုတ်ပြန်ချက်အရ မကွေးမြို့နယ်မှ (၄)ဦး၊ မင်းလှ မြို့နယ်မှ (၁)ဦး ထပ်တိုးတွေ့ရှိသဖြင့် မကွေးတိုင်းအတွင်း ပိုးတွေ့လူနာ စုစုပေါင်း (၁၅၅၈)ဦးအထိ ရှိလာပြီး အောင်လံမြို့နယ်မှ အသက်(၅၈)နှစ်အရွယ် ကင်ဆာရောဂါအခံရှိသည့် အမျိုးသား ပိုးတွေ့ လူနာ(၁)ဦး ထပ်မံသေဆုံးသဖြင့် တိုင်းအတွင်း ပိုးတွေ့လူနာ သေဆုံးသူ(၄)ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency

သတင်း / ဓာတ်ပုံ - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~