ကျောက်မဲမြို့နယ်အတွင်း COVID 19 ကူးစက်ခံရသူ (၂၃) ဦးထပ်တိုးပြီး  (၁) ဦးသေဆုံး

ကျောက်မဲမြို့နယ်အတွင်း COVID 19 ကူးစက်ခံရသူ (၂၃) ဦးထပ်တိုးပြီး  (၁) ဦးသေဆုံး
သြဂုတ် 4, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း ယနေ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ( ၄ )ရက်နေ့တွင် COVID-19 အတည်ပြုလူနာ (၂၃) ဦးထပ်တိုးပြီး အတည်ပြုလူနာ (၁) ဦးသေဆုံးသွားကြောင်း သိရသည်။

ယနေ့ထပ်တိုးသည့် အတည်ပြုလူနာများတွင် မြို့အဝင်အထွက်ကို ကိုယ်အပူချိန်တိုင်းခြင်းနှင့် ခရီးသွားရာဇဝင်ယူသည့် စစ်ဆေးရေးဂိတ်နှင့် Fever Clinic ဖွင့်လှစ်ထားသည့် မူကြိုကျောင်းဝင်းအတွင်း နေထိုင်သူ (၆) ဦး ပါဝင်ပြီး ယင်းတို့အနက် (၂) နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။

ကျောက်မဲတွင် သံသယ လက္ခဏာရှိသူများအနေဖြင့် ခရိုင်ပြည်သူ့ဆေးရုံ၌ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် အခမဲ့စစ်ဆေးနိုင်ကြကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း COVID 19  အတည်ပြုလူနာများအား ခရိုင်ပြည်သူ့ဆေးရုံ၊ နောင်ပိန်တိုက်နယ်ဆေးရုံတို့တွင် ထားရှိကုသပေးနေပြီး နေရာမလုံလောက်တော့သဖြင့် အတည်ပြုလူနာများအား နေအိမ်တွင်ပင် ကန့်သတ်နေထိုင်ခိုင်းသည်များလည်း ရှိနေဆဲဖြစ်သည်။

ကျောက်မဲမြို့နယ်အတွင်း ကျောက်မဲမြို့၊ နောင်ပိန်၊ နားအိုက်ခန့်နှင့် ရဲရွာတို့၌ အတည်ပြုလူနာများ တွေ့ရှိရခြင်းဖြစ်ပြီး တတိယလှိုင်းစတင်သည့် ဇွန်လ (၂၀) ရက်နေ့မှ ဩဂုတ်လ ( ၄ ) ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း ( ၅၂၇ )ဦးတွေ့ရပြီး ဆေးရုံတွင် သေဆုံးသူ (၂၂) ဦးအပြင် ဆေးရုံသို့မရောက်ဘဲ သံသယလက္ခဏာဖြင့် သေဆုံးသူများလည်း ရှိနေခြင်းဖြစ်သည်။