မိုင်းဆတ်မြို့နယ်အတွင်း "ဝ"ထိန်းချုပ်နယ်မြေမှ မဲရုံများတွင် ရွေးကောက်ပွဲ လွတ်လပ်စွာ ကျင်းပနိုင်ကြောင်း "ဝ"ဒေသတာဝန်ရှိသူများက မိုင်းဆတ်တာဝန်ရှိသူများထံ အကြောင်းကြား

မိုင်းဆတ်မြို့နယ်အတွင်း "ဝ"ထိန်းချုပ်နယ်မြေမှ မဲရုံများတွင် ရွေးကောက်ပွဲ လွတ်လပ်စွာ ကျင်းပနိုင်ကြောင်း "ဝ"ဒေသတာဝန်ရှိသူများက မိုင်းဆတ်တာဝန်ရှိသူများထံ အကြောင်းကြား
နိုဝင်ဘာ 4, 2020
By Tachileik News Agency
မိုင်းဆတ်မြို့နယ်အတွင်း "ဝ"ထိန်းချုပ်နယ်မြေမှ မဲရုံများတွင် ရွေးကောက်ပွဲ လွတ်လပ်စွာ ကျင်းပနိုင်ကြောင်း "ဝ"ဒေသတာဝန်ရှိသူများက မိုင်းဆတ်တာဝန်ရှိသူများထံ အကြောင်းကြား
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်အတွင်းရှိ "ဝ"ထိန်းချုပ်နယ်မြေမှ မဲရုံ (၁၂) ရုံအတွက် မဲရုံသုံးပစ္စည်းများ ထုတ်ပေးထားပြီး ရွေးကောက်ပွဲကို လွတ်လပ်စွာ ကျင်းပနိုင်ရေးအတွက် "ဝ"ဒေသတာဝန်ရှိသူများနှင့် ညှိနှိုင်းထားပြီးဖြစ်ကြောင်း မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့၌ ပြောကြားသည်။
"ကျွန်တော်တို့ လောလောဆယ် အခြေအနေအားလုံးကောင်းပါတယ်။ အဲဒီဒေသတွေက မဲရုံသုံးပစ္စည်းတွေလည်း ထုတ်သွားကြပါပြီ။ လွယ်လန်းနဲ့ ဆိုက်ခေါင်ကတော့ ညနေလာထုတ်မယ်။ မနက်ဖြန်ကစပြီး လွတ်လွတ်လပ်လပ် ချောချောမွေ့မွေ့သွားလာနိုင်ကြဖို့ "ဝ"လူကြီးတွေနဲ့ ညှိနှိုင်းထားပါပြီ။ စာနဲ့လည်း ညှိနှိုင်းထားပါတယ်။ ကျွန်တော်တို့ဘက်က စာပို့တာကတော့ (၅)ရက်လောက်ရှိပြီပေါ့။ သူတို့ဘက်က တယ်လီဖုန်းနဲ့လည်း အကြောင်းပြန်ပါတယ်။ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် သွားလို့ရအောင်အကူအညီပေးပါမယ်ဆိုပြီး ပြောထားပါတယ်။ ဒါပေမဲ့ ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုတော့ ခံယူရမယ်ပေါ့နော်"ဟု မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းဆတ်မြို့နယ်အတွင်းမှ "ဝ"ထိန်းချုပ်နယ်မြေများဖြစ်သည့်  မိုင်းထလန်းကျေးရွာအုပ်စု၊ မိုင်းယွန်းကျေးရွာအုပ်စု၊ လွယ်လန်းကျေးရွာအုပ်စုနှင့် ဆိုက်ခေါင်ကျေးရွာအုပ်စုရှိ ဝမ်ဟုန်(ဝ)၊ ဝမ်ဟုန်(ရှမ်း) ကျေးရွာများတွင် နိုင်ငံရေးပါတီများက မဲဆွယ်စည်းရုံးရေးအတွက် အဟန့်အတားရှိနေရာ လွတ်လပ်၍မျှတသည့်ရွေးကောက်ပွဲမဖြစ်နိုင်သဖြင့် အဆိုပါဒေသရှိ မဲရုံ (၁၂)ရုံကို အချိန်မီ ပိတ်သိမ်းသင့်သည်ဟု မိုင်းဆတ်မြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ ကိုယ်စားလှယ်လောင်းများက လက်မှတ်ရေးထိုး၍ နိုဝင်ဘာလ (၃)ရက်နေ့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ တင်ပြချက်နှင့်ပတ်သက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ (၄)ရက်နေ့၌ ကိုယ်စားလှယ်လောင်းများအနေဖြင့် ကျန်မဲဆွယ်ရက်များဖြစ်သည့် နိုဝင်ဘာလ (၅) ရက်နေ့နှင့် (၆) ရက်နေ့များတွင် အဆိုပါ ဒေသများသို့ သွားရောက်၍ မဲဆွယ်စည်းရုံးခွင့်ရစေရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးထားခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ (၈)ရက်နေ့၌ ကျင်းပမည်ဖြစ်ပြီး မဲရုံများပိတ်သိမ်းသင့်ကြောင်း တင်ပြခံထားရသည့် မိုင်းဆတ်မြို့နယ်အတွင်းမှ မဲရုံ (၁၂)ရုံတွင်လည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားပြီဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~