တာချီလိတ်သို့ ဝင်ရောက်လာမည့် ထိုင်းနိုင်ငံမှ ပြည်တော်ပြန်များကို (၁၄)ရက်စောင့်ကြည့်ပြီးမှ နေရပ်ပြန်လွှတ်မည်ဖြစ်သည့်အတွက် နေရာပေါင်း (၆)နေရာတွင် လူပေါင်း (၅၀၀)ကျော်အတွက် ကြိုတင်ပြင်ဆင်ထား

တာချီလိတ်သို့ ဝင်ရောက်လာမည့် ထိုင်းနိုင်ငံမှ ပြည်တော်ပြန်များကို (၁၄)ရက်စောင့်ကြည့်ပြီးမှ နေရပ်ပြန်လွှတ်မည်ဖြစ်သည့်အတွက် နေရာပေါင်း (၆)နေရာတွင် လူပေါင်း (၅၀၀)ကျော်အတွက် ကြိုတင်ပြင်ဆင်ထား
ဧပြီ 1, 2020
By Tachileik News Agency
တာချီလိတ်သို့ ဝင်ရောက်လာမည့် ထိုင်းနိုင်ငံမှ ပြည်တော်ပြန်များကို (၁၄)ရက်စောင့်ကြည့်ပြီးမှ နေရပ်ပြန်လွှတ်မည်ဖြစ်သည့်အတွက် နေရာပေါင်း (၆)နေရာတွင် လူပေါင်း (၅၀၀)ကျော်အတွက် ကြိုတင်ပြင်ဆင်ထား

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံအတွင်းမှ ပြန်လည်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအား လက်ခံပေးမှုများနှင့် ပတ်သက်၍ (၁၄)ရက် သီးခြားစောင့်ကြည့်ပြီးမှ နေရပ်သို့ ပြန်လွှတ်ရန် ညွှန်ကြားလာသည့် အတွက် နေရာပေါင်း (၆)နေရာတွင် လူ(၅၀၀)ကျော် ထားနိုင်မည့် စောင့်ကြည့်နေရာများ စီစဉ်ထားပြီးဖြစ်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်သည်။

ပြည်ပကနေ ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို လက်ခံတဲ့အခါမှာ ပြည်မထဲကို မသွားခင် လက်ခံတဲ့ နယ်စပ်မြို့တွေမှာ (၁၄)ရက်စောင့်ကြည့်ပြီး ကင်းရှင်းတယ်ဆိုမှပဲ သက်ဆိုင်ရာ နယ်မြေဒေသကို ပြန်လွှတ်ဖို့ ဆိုပြီး ညွှန်ကြားချက်ဝင်လာတယ်။ တကယ်လို့ ပြန်လက်ခံတဲ့အခါမှာ တာချီလိတ်ဂိတ်ကနေ ဝင်လာရင် ထားမဲ့ နေရာတွေပေါ့ ကြိုတင်စီမံဆောင်ရွက်ထားပါဆိုပြီး ညွှန်ကြားလာပါတယ်၊ ညွှန်ကြားတဲ့အတွက် ကျွန်တော်တို့ ပထမဆုံးတော့ မိုးကုတ်ရိပ်သာပေါ့နော်၊ မိုးကုတ်ရိပ်သာမှာ လက်ရှိလည်း ကျွန်တော်တို့ (၉၂)ဦးကို စောင့်ကြည့်ပေးထားပါတယ်

ဟု မြို့နယ်အဆင့် COVID-19 အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက မတ်လ(၃၁)ရက်နေ့က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်တော်ပြန်များအား (၁၄)ရက်အကြာထားကာ သီးသန့်စောင့်ကြည့်နိုင်ရန်အတွက် မိုးကုတ်ဝိပဿနာတရား ရိပ်သာ၏ အဆောင်(၁)တွင် (၉၂)ဦး၊ အဆောင်(၂)တွင် လူ(၁၀၀)စာ၊ အားကစားရုံတွင် လူ(၁၀၀)စာ၊ ဆေးရုံဟောင်းတွင် လူ(၃၀)စာ၊ ဆေးရုံကြီးတွင် (၁၂)ဦးစာ အထက(ဆန်ဆိုင်း)တွင် လူ(၂၀၀)စာ စုစုပေါင်း နေရာပေါင်း (၆)နေရာတွင် လူ(၅၀၀)ကျော်စာအတွက် ကြိုတင်ပြင်ဆင်ထားရှိပြီး ဖြစ်ကြောင်း နှင့် ဆေးရုံဟောင်းရှိ လူ(၃၀)စာမှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်သံသယလူနာများနှင့်အတည်ပြုလူနာများကို ထားရန်အတွက်ဖြစ်ကြောင်း သိရသည်။

အထက(ဆန်ဆိုင်း)မှာတော့ လူ(၂၀၀)လောက် ထားနိုင်အောင် ပြင်ဆင်လို့လည်း ပြီးသွားပြီ။ အားကစားရုံမှာတော့ လူ(၁၀၀)လောက်ထားဖို့ ကြိုတင်စီမံထားပါတယ်။ စုစုပေါင်း လူ(၅၀၀)ကျော်လောက် ကျွန်တော်တို့မှာ လက်ခံနိုင်လောက်အောင် ကြိုတင်စီမံဆောင်ရွက်ထားရှိတာ ဖြစ်ပါတယ်ဗျ

ဟု မြို့နယ်အဆင့် COVID-19 အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွဘ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားအား ယာယီပိတ်ထားလိုက်ပြီဖြစ်သော်လည်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တဆင့် တာချီလိတ်သို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများမှာ (၁၇၀၀)ကျော်ရှိခဲ့ပြီး (၁၇၀၀)ကျော်ထဲက ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ တစ်ဦးပါဝင်လာကြောင်း သိရသည်။

အတည်ပြုလူနာသည် မတ်လ(၂၅)ရက်နေ့က တာချီလိတ်သို့ ဝင်ရောက်လာပြီး (၂)ရက်နေထိုင်သွားခဲ့ကာ မတ်လ(၂၇)ရက်နေ့တွင် တာချီလိတ်မှ မန္တလေးသို့ လေကြောင်းဖြင့်သွားကာ ဆက်လက်၍ ကျောက်မဲသို့ ပြန်သွားပြီးမှ ကျောက်မဲဆေးရုံ၌ ဆေးဝါးကုသမှုခံယူရာမှ အတည်ပြုလူနာအဖြစ် မတ်လ(၃၀)ရက်နေ့က ဓါတ်ခွဲအဖြေရရှိခဲ့ခြင်း ဖြစ်သည်။

တာချီလိတ်သို့ မတ်လ(၂၃)ရက်နေ့က စတင်ကာ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၁၇၀၀)ကျော်မှာ လက်ရှိတွင် နေရပ်အသီးသီးသို့ ရောက်ရှိသွားကြပြီဖြစ်သည့်အတွက် နောက်ပိုင်းဝင်ရောက်လာသူများကို တာချီလိတ်တွင် (၁၄)ရက်ထားကာ စောင့်ကြည့်ပြီးမှ နေရပ်သို့ စေလွှတ်မည်ဖြစ်သည်။

တာချီလိတ်တွင် နေရာပေါင်း(၆)နေရာ၌ (၁၄)ရက်စောင့်ကြည့်နိုင်မည့် လူပေါင်း(၅၀၀)ကျော်အတွက် ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ပြည်တော်ပြန်များကို ပြန်လည်လက်ခံမည့်နေ့ကိုတော့ မသိရသေးကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း - ကိုဇောင်း
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~