တာချီလိတ်မြို့တွင် ဧည့်လမ်းညွှန်များအပေါ်  ဟိုတယ်ခရီးဌာနက ဧည့်သည်နှင့် ချိတ်ပေးခအဖြစ် ပွဲစားသဖွယ် ငွေကြေးအမျိုးမျိုး ကောက်ခံနေ

တာချီလိတ်မြို့တွင် ဧည့်လမ်းညွှန်များအပေါ်  ဟိုတယ်ခရီးဌာနက ဧည့်သည်နှင့် ချိတ်ပေးခအဖြစ် ပွဲစားသဖွယ် ငွေကြေးအမျိုးမျိုး ကောက်ခံနေ
ဧပြီ 21, 2023 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ တာချီလိတ်ရုံးခွဲက ဝန်ကြီးဌာနမှ သတ်မှတ်ထားခြင်းမရှိဘဲ ဧည့်လမ်းညွှန်များအပေါ်  ရုံးရန်ပုံငွေဟုဆိုကာ ငွေကြေးအမျိုးမျိုး ကောက်ခံနေလျှက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ တာချီလိတ်ရုံးခွဲက ဧည့်လမ်းညွှန်များအား ဧည်သည်များနှင့် ခရီးစဉ် ချိတ်ပေးခသဘောမျိုး ပွဲစားခသဖွယ် တစ်ကြိမ်လျှင် ထိုင်းဘတ်ငွေ (၂၀၀)မှ (၃၀၀)ဘတ်အထိ ကောက်ခံနေလျှက်ရှိကြောင်း သိရသည်။

"ဧည့်သည်က ဂိုက်လိုလာတဲ့အခါ ဟိုတယ်ခရီးရုံးက ခေါ်ပေးရတာမျိုးဆိုရင် ခရီးစဉ် ပြီးဆုံးတာနဲ့ ရုံးကိုသွားပြီး ထိုင်းဘတ်ငွေ(၃၀၀) ပြန်ထည့်ပေးနေရတယ်။ ဘယ်သူက ဘယ်လောက်ပေးသလဲဆိုတာကို ငွေလက်ခံသူက စာအုပ်ထဲမှာ မှတ်ထားတာရှိတယ်။ တကယ်လို့ ဂိုက်က ကိုယ့်ဘာသာ ဧည့်သည်ရရင်ပြီး ဟိုတယ်ခရီးရုံးက ခေါ်ပေးတာမျိုးမဟုတ်ရင် အခုလို တောင်းတာတွေ ပေးစရာမလိုဘူး"ဟု ဧည့်လမ်းညွှန်တစ်ဦးက ပြောသည်။



တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားပေါ် နိုင်ငံခြားသား Entry Pass တွင် ယခင်က နိုင်ငံခြားသားတစ်ဦးလျှင် (၁၀)ဒေါ်လာသာ ကောက်ခံသော်လည်း ယခုအခါတွင် (၁၀)ဒေါ်လာအပြင် ဖောင်ဖြည့်ခအဖြစ် ဘတ်(၂၀)နှင့် ဝန်ဆောင်ခအဖြစ် ဘတ်(၅၀)ကိုပါ အပိုဆောင်းကောက်ခံ၍ ဧည့်သည်များက စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၀)ဒေါ်လာ နှင့် ထိုင်းဘတ်ငွေ(၇၀) ပေးရကြောင်း သိရသည်။

ယင်းအပြင် ခရီးစဉ်အပြီး ဧည့်သည်များ၏ အမည်စာရင်း စာရိုက်ခအနေဖြင့်လည်း ဟိုတယ်ခရီးဌာနက လဝက အတွက်ဟုဆိုတာ ဘတ်(၂၀၀)မှ (၃၀၀)အထိ ထပ်မံတောင်းခံကြောင်း သိရသည်။

"ဧည့်သည်များရင် စာရိုက်ခ ဘတ်(၂၀၀)၊ (၃၀၀)ကို လဝကရဲ့ ဖုန်းခဆိုပြီး ဟိုတယ်ခရီးကို ထပ်ပြန်ပေးရတယ်။ စာရိုက်ခဆိုတာက တိုးရစ်တွေရဲ့ နာမည်စာရင်းတွေ ရေးပေးတာကိုပြောတာပါ။ နာမည်စာရင်းမှာ အချက်အလက်ရေးရတယ်။ နာမည်ကတ်ရိုက်ရတယ် အဲ့ဒါကိုပြောတာပါ။ ဂိုက်က အမည်စာရင်းတွေ သွားအပ်ရင် ဂိုက်ကပေးရတယ်။ ကုမ္ပဏီက သွားအပ်ရတော့ ကုမ္ပဏီက ပေးရတာပေါ့။ လဝကကို တိုက်ရိုက်ပေးရတာတော့ မဟုတ်ဘူး။ ဟိုတယ်ခရီးက လဝက အတွက်ဆိုပြီး တောင်းတာ"ဟု အမည်မဖော်လိုသည့် ဧည့်လမ်းညွှန်တစ်ဦးက Tachileik News Agency သို့  ပြောသည်။

ဧည်သည်များအတွက် ယာဉ်များနှင့် ပတ်သက်၍လည်း Car Pass ပြုလုပ်ရာတွင် ဧည့်သည်အရေအတွက်များပါက ထိုင်းဘတ်ငွေ ဘတ်(၁၀၀)ပေးရကြောင်းလည်း သိရသည်။

 

"ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ဆိုတာက ဟိုတယ်ခရီးရဲ့ ပါဝင်အားဖြည့်မှုကလည်း အဓိကကျတယ်။ သူတို့က ဧည့်သည်နဲ့ချိတ်ပေးရလို့ ဆိုပြီး ပွဲစားခသဘောမျိုး တောင်းတာတော့ မဖြစ်သင့်ဘူးပေါ့။ အရင်ကတည်းကလည်း တောင်းတယ် အရင်နဲ့အခု တောင်းတာ နည်းတာနဲ့ များတာပဲကွာတယ်။ ဒီလိုမျိုးက ဝန်ကြီးဌာနကလည်း ခွင့်မပြုပေးထားဘူး။ သတ်မှတ်ချက်လည်းမရှိဘူး။အခုလို တောင်းတာကို ပြည်နယ်ရုံးက သိ မသိတော့ မပြောတတ်ဘူး။"ဟု ဝါရင့်ဧည့်လမ်းညွှန်တစ်ဦးက ၂၀၂၃ခုနှစ် ဧပြီလ(၂၁)ရက်နေ့တွင် ပြောသည်။ 



ဧည့်လမ်းညွှန်များနှင့် ပတ်သက်၍ G Guide, RG Guide(ဒေသဆိုင်ရာဧည့်လမ်းညွှန်) နှင့် RTC Guide( Regional Trekking Counductor) ဟု၍ Guide (၃)မျိုးရှိပြီး G Guide များသည် တရားဝင်အမြတ်ခွန်ဆောင်ရသလို ကျန်သည့် Guide များမှာလည်း လိုင်စင် သက်တမ်းတိုးသည့် အချိန်များတွင် သက်ဆိုင်ရာအဖွဲ့အစည်းများထံ သတ်မှတ်ထားသည့်အတိုင်း ပေးဆောင်ရသည့် တရားဝင် ဧည့်လမ်းညွှန်များဖြစ်ကြောင်း သိရသည်။ 

#TachileikNewsAgency