တာချီလိတ်မြို့နယ်အတွင်း နေအိမ်အခန်းငှားများအနေဖြင့် လျှပ်စစ်မီတာခကို သတ်မှတ်နှုန်းထားထက် ပိုမိုပေးဆောင်နေရပါက မီးလင်းရေးသို့ တိုင်ကြားနိုင်

တာချီလိတ်မြို့နယ်အတွင်း နေအိမ်အခန်းငှားများအနေဖြင့် လျှပ်စစ်မီတာခကို သတ်မှတ်နှုန်းထားထက် ပိုမိုပေးဆောင်နေရပါက မီးလင်းရေးသို့ တိုင်ကြားနိုင်
နိုဝင်ဘာ 20, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း နေအိမ်အခန်းငှားများအနေဖြင့် လျှပ်စစ်မီတာခကို သတ်မှတ်နှုန်းထားထက် ပိုမိုပေးဆောင်နေရပါက မီးလင်းရေးသို့ တိုင်ကြားနိုင် 
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း COVID 19 ကာလ အများပြည်သူ သက်သာ ချောင်ချိရေးအတွက် မီးလင်းရေးကော်မတီက တတိယအကြိမ်အဖြစ် (၃) လတာ မီတာခ လျှော့ချပေးထားပြီး အိမ်ခန်းငှား၊ ဆိုင်ခန်းငှားများအနေဖြင့် မီတာခကို သတ်မှတ်နှုန်းထားထက် ပို၍ ပေးဆောင်နေရပါက မီးလင်းရေးကော်မတီထံ တိုင်ကြားနိုင်ကြောင်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့၌ ကြေညာထားသည်။
“အရင်ကလည်း ဒီကိစ္စကို လုပ်လာတာလည်း ကြာတော့ကြာပြီ။ ဒါပေမဲ့ ထိထိရောက်ရောက် အောင်မြင်တာတော့ မရှိသေးဘူးပေါ့။ နောက် ဝန်ကြီးတို့၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့လို တာဝန်ရှိသူတွေကလည်း ဒီကိစ္စကိုဖြစ်အောင်လုပ်ဖို့၊ လူထုသက်သာအောင် လုပ်ပေးပါဆိုတာနဲ့ ဒီဟာကို လုပ်ဖြစ်သွားတာပါ။ အဆင့်ဆင့် စာပို့၊ ညှိနှိုင်းနဲ့ဆို လုပ်ငန်းစဉ်က ကြာနေအုံးမှာ။ အခုက အိမ်ငှား၊ ဆိုင်ငှားတွေအနေနဲ့ ကျေနပ်မှုမရှိရင် မီးလင်းရေးကော်မတီကို လာအကြောင်းကြားလိုက်ရင် ခေါ်ယူပြီး ညှိပေးမယ်။ ညှိပေးပြီးလို့မှ လိုက်နာဆောင်ရွက်ခြင်းမရှိရင် မီးဖြတ်တောက်မယ်။ အဲဒါမှလည်း ဒီကိစ္စက ဖြေရှင်းလို့ရမယ်။ အားလုံးက ဒီမီးလင်းရေးက ဖြန့်ဖြူးနေတဲ့ မီးကိုသုံးကြတာချင်းအတူတူ မျှမျှတတ တန်းတူ ခံစားခွင့်ဖြစ်စေချင်တယ်။”ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)ဥက္ကဌ  ဦးတင်လှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့ မီးလင်းရေးကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)မှ ဖြန့်ဖြူးနေသည့် လျှပ်စစ်ဓာတ်အား အသုံးပြုသူများအနေဖြင့် လျှပ်စစ်မီး တစ်ဆင့်ပြန်လည်ရောင်းချသည့် သဘောသက်ရောက်သည့်လုပ်ဆောင်ချက်များကို ခွင့်ပြုထားခြင်း မရှိသော်လည်း တာချီလိတ်မြို့နယ်အတွင်း အိမ်ရှင်၊ ဆိုင်ရှင်များအနေဖြင့် အိမ်ငှား၊ ဆိုင်ခန်းငှားများထံမှ မီတာခကို မူလဖြန့်ဖြူးသည့်နှုန်းထားထက် နှစ်ဆနီးပါးဈေးနှုန်းဖြင့် ကောက်ယူခြင်းများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။
ယင်းကဲ့သို့ ကောက်ယူခြင်းမှာ အခန်းငှားများ၊ ဆိုင်ခန်းငှားများသို့ sub-meter များဖြင့် တစ်ဆင့်ပြန်လည် ပေးထားရခြင်းဖြစ်ရာ ပျောက်ဆုံးယူနစ်ရှိ၍ ကောက်ခံခြင်းဖြစ်သည်ဟု အိမ်ရှင်၊ ဆိုင်ရှင်များက ပြောကြားသော်လည်း အဆောက်အဦလုံးချင်းငှားယူမှုများတွင်လည်း မီတာခကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုကောက်ခံခြင်းကို လုပ်ဆောင်နေကြသည်ဟု သိရသည်။
အိမ်သုံးမီတာများအတွက် လျှပ်စစ်မီတာခများကို ပုံမှန်ဈေးနှုန်းအဖြစ် (၅.၃၅)ဘတ်နှုန်း သတ်မှတ်ထားပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ သုံးစွဲသည့်မီတာခများကို (၅)ဘတ်နှုန်းစီသာ ကောက်ခံမည်ဖြစ်သည်။
လုပ်ငန်းသုံးမီတာများဖြစ်သည့် ပါဝါမီတာအသုံးပြုသူများအနေဖြင့် သတ်မှတ်နှုန်းထားဖြစ်သည့် (၆)ဘတ် (၆၀) ပြားနှုန်းပေးဆောင်ရမည်ဖြစ်ပြီး မီတာခလျှော့ချပေးထားခြင်းမရှိကြောင်း သိရသည်။
လျှပ်စစ်မီတာခကို သတ်မှတ်နှုန်းထားထက် ပိုမိုပေးဆောင်ရခြင်းများကြုံနေရပါက မြို့မီးလင်းရေးကော်မတီ၏ Call Center ဖုန်းများဖြစ်သည့် 098 9999 5711 နှင့် 096 6604 3777 အပြင် 096 9030 7777၊ 09 444 2969 77၊ 09 458 03 1199နှင့် 09 458 04 1918 တို့သို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~