တာချီလိတ်မြို့တွင် ဈေးဝယ်သူအဖြစ် အသွင်ယူကာ ကုန်စုံဆိုင်တစ်ဆိုင်အတွင်းမှ ဖုန်းငွေဖြည့်ကတ်များနှင့် ဖုန်း ခိုးယူ

တာချီလိတ်မြို့တွင် ဈေးဝယ်သူအဖြစ် အသွင်ယူကာ ကုန်စုံဆိုင်တစ်ဆိုင်အတွင်းမှ ဖုန်းငွေဖြည့်ကတ်များနှင့် ဖုန်း ခိုးယူ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ရီဂျီးနားဂေါက်ကွင်းသွားလမ်းရှိ ကုန်စုံဆိုင်တွင်  ဈေးဝယ်သူအဖြစ် အသွင်ယူကာ ဖုန်းငွေဖြည့်ကတ်များ နှင့် ဖုန်း ခိုးယူသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဈေးဝယ်ချင်ယောင်ဆောင်ပြီး Samsung ဖုန်း (၁)လုံး နဲ့ Oppo ဖုန်း (၁)လုံး၊ MPT ငွေဖြည့်ကတ်က ကျပ်(၅၀,၀၀၀)ကျော်ဖိုးလောက် ပါသွားတယ်။ သူက အပြင်ကနေမဝင်ဘဲ ဆိုင်ထဲထိ ဝင်လာပြီး ယူတာ။ ဝယ်မလိုနဲ့ ပစ္စည်းတွေကို တွက်ခိုင်းတယ်။ ဈေးရောင်းနေတဲ့ ကလေးက ပစ္စည်းတွေ တွက်ပေးနေချိန်ကို ယူသွားတာ၊ သူဝယ်မယ်ဆိုတဲ့ ပစ္စည်းလည်း တစ်ခုမှ မဝယ်ဘဲ ဆိုင်ကယ် ဆီ ခဏသွားထည့်ဦးမယ်ဆိုပြီး မောင်းပြေးသွားတာ၊ ဆိုင်မှာ ကလေးတွေရှိနေတဲ့ အချိန်ခဏလေးအတွင်းကို ဖြစ်သွားတာ

ဟု ဆိုင်ပိုင်ရှင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၉)ရက်နေ့တွင် ပြောသည်။ 

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အပိုင်း၊ ရီဂျီးနားသွားလမ်းဘေးရှိ ကုန်စုံဆိုင်တွင် ၂၀၂၁ခုနှစ် ဧပြီ(၂၇)ရက်နေ့ ည(၆)နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပြီး လာရောက် ခိုးယူသွားသူမှာ အသက်(၂၀)မှ (၃၀)အကြားရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ခိုးမှု လုယက်မှုများမှာ မတ်လအတွင်းက စ၍ ယနေ့အထိ ဖြစ်ပွားမှု နေ့စဉ်နီးပါး များပြားနေသည့်အတွက် တရားဥပဒေစိုးမိုးမှု လျော့နည်းနေသည်ဟု ဝေဖန်သံများလည်း ထွက်ပေါ်နေသည်။

တာချီလိတ်မှာတော့ အရင်နဲ့မတူတော့တာ အသေချာပဲဗျာ၊ လောင်းကစား ဂိမ်းခုံတွေကိုလည်း အာဏာသိမ်းခံရပြီး နောက် (၂)ရက်အတွင်းမှာ အကုန်ဖွင့်လာကြတယ်။ အဲ့ဒီနောက် ခိုးမှုတွေလည်း ဆက်တိုက်များလာကြတယ်။ သက်ဆိုင်ရာက ဒီကိစ္စကို ကိုင်တွယ်မှုမရှိလို့ အခုလိုတွေ အတင့်ရဲနေတာလို့ မြင်တယ်။ တာချီလိတ်မြို့က သူတို့အတွက် ငွေလာရှာတဲ့ ဒေသလို ဖြစ်နေပြီဗျာ။ ဒီအတိုင်းဆို မလုံခြုံတော့သလို ခံစားရတယ်

တာချီလိတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

တာချီလိတ်မြိုတွင် ခိုးမှုများ အများဆုံးအနေဖြင့် ဆိုင်ကယ်ခိုးမှုများဖြစ်ပြီး  ယခု ဖြစ်စဉ်လို ခိုးမှု နှင့် လုယက်မှုလည်း ဖြစ်ပွားမှုများ ရှိနေကြောင်း သိရသည်။