ကယားပြည်နယ်မှ USDP ပါတီကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက်ခံပိုင်ခွင့် ပြန်လည်ရုပ်သိမ်းခံရ

ကယားပြည်နယ်မှ USDP ပါတီကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက်ခံပိုင်ခွင့် ပြန်လည်ရုပ်သိမ်းခံရ
အောက်တိုဘာ 13, 2020
By Tachileik News Agency

 

ကယားပြည်နယ်မှ USDP ပါတီကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက်ခံပိုင်ခွင့် ပြန်လည်ရုပ်သိမ်းခံရ

၂၀၁၀ ရွေးကောက်ပွဲမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်ခဲ့သူ လာမည့်ရွေးကောက်ပွဲတွင် USDP ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ကယားပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးနှင်းဝေ၏ဖခင်မှာ မြန်မာနိုင်ငံသားမဟုတ်ကြောင်း စိစစ်တွေ့ရှိရ၍ ရွေးကောက်ခံပိုင်ခွင့် ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ 
"သူက အဓိကကတော့ လဝက ကနေစိစစ်ချက်အရ သူ့ရဲ့အဖေသည် သူမွေးဖွားစဉ်က တရုတ်နိုင်ငံသား FRC လက်မှတ်ကိုင်ဆောင်ထားတဲ့သူ ဖြစ်တယ်။ အဲဒါကြောင့် ပြည်ထောင်စု လဝက ဝန်ကြီးဌာနကနေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကို ဒီစစ်ဆေးတွေ့ရှိတာနဲ့ ပတ်သက်လို့တင်ပြတယ်။ တင်ပြတဲ့အတွက် UEC ကနေ ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို ဆက်လက်ဆောင်ရွက်ဖို့  ဥပဒေတိုင်းပြန်ပြီး ဆောင်ရွက်ခိုင်းတယ်။ ခရိုင်ရွေးကောက်ပွဲကော်မရှင်က အစည်းအဝေးထိုင်တယ်။ ပြည်ထောင်စု လဝကရဲ့ စိစစ်တွေ့ရှိချက်အရ ဒါသည်မှန်ကန်တဲ့အတွက် သူ့ကိုခရိုင်ရွေးကောက်ပွဲကော်မရှင် အစည်းအဝေးဆုံးဖြတ်ချက်အရ သူ့ကို ကိုယ်စားလှယ်လောင်း အမည်စာရင်းကနေ ပယ်ဖျက်ဖို့ ဆုံးဖြတ်တယ်။ အဲဒီလိုဆုံးဖြတ်တဲ့အတွက် ပြည်နယ်ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၃၆(ဃ)အရ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို အတည်ပြုချက် လှမ်းတောင်းတယ်။ စိစစ်တဲ့အချိန်မှာ မှန်ကန်တဲ့အတွက် ခရိုင်ရွေးကောက်ပွဲကော်မရှင်ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်၊ တင်ပြချက်ကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က နည်းဥပဒေပုဒ်မ ၃၆ (ဃ) အရ အတည်ပြုခဲ့တယ်။ အဲဒါကြောင့် ဦးနှင်းဝေကို လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကနေ ပယ်ဖျက်လိုက်တယ်"ဟု ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ  အတွင်းရေးမှူး ဦးကျော်ဆန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့တွင် ပြောသည်။
သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ-၈ အရ ရွေးကောက်ပွဲဝင်ရောက်လိုသည့် ကိုယ်စားလှယ်လောင်းသည် နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသောနိုင်ငံသားဖြစ်ရမည်ဟု ဖေါ်ပြထားပြီး သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ- ၁၀ (င) အရ မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးသော မိဘတစ်ပါးပါးမှ ဖြစ်စေ၊ နှစ်ပါးလုံးမှ  မွေးဖွားသည့် နိုင်ငံသားမှာ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံပိုင်ခွင့်မရှိကြောင်း ပြဌာန်းထားခြင်းဖြစ်သည်။
 "ကျွန်တော့်ကို ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ (ခ)နဲ့ ကိုက်ညီမှုမရှိဘူး။ နောက်တစ်ချက်က ပုဒ်မ ၁၀ (င)နဲ့ ကိုက်ညီမှုမရှိဘူး။ ဒီနှစ်ချက်နဲ့ ကျွန်တော့်ကို ရွေးကောက်ပွဲကော်မရှင်က ကိုက်ညီမှုမရှိလို့ ပယ်လိုက်တယ်ပေါ့။ ကိုယ်စာလှယ်လောင်းတစ်ယောက်သည် နိုင်ငံသားမိဘနှစ်ပါးမှ မွေးသူဖြစ်ရမည်ဆိုတဲ့အချက်နဲ့ ကျွန်တော်က သွားငြိတာပေါ့။ ကျွန်တော့်ရဲ့မှတ်ပုံတင်မှာက  သူတို့စိစစ်ချက်အရ မိဘတစ်ပါးသည် နိုင်ငံခြားသား ဖြစ်နေတယ်ဆိုတဲ့အချက်နဲ့ ကျွန်တော်သွားငြိနေတယ်ပေါ့ဗျာ။ ကျွန်တော်တို့က ပြန်ပြီးတော့ ဖြေရှင်းချက်ထုတ်ပေမဲ့ ဖြေရှင်းနိုင်တဲ့အနေအထားက ခိုင်လုံတဲ့အထောက်အထားက မရှိဘူးပေါ့နော်"ဟု  ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရသည့် ဦးနှင်းဝေကပြောသည်။
ဦးနှင်းဝေကိုင်ဆောင်ထားသော မှတ်ပုံတင်တွင် အဖအမည်နေရာ၌ ဦးနှင်းဝေ မိခင်၏ ပထမအိမ်ထောင် ဗမာလူမျိုးနှင့် ဒုတိယအိမ်ထောင် တရုတ်လူမျိုးတို့၏ အမည်များကို ထည့်သွင်းထားပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ဖခင်ရင်း ဗမာလူမျိုး၏အမည်ဖြင့် ရွေးကောက်ပွဲဝင်ခဲ့ကာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် နိုင်ငံသားစိစစ်ရေးကက်ပြားရှိ အဖအမည်စာရင်းအား အမည်မှန်ပြန်လည်ပြင်ဆင်ရန် လုပ်ဆောင်ခဲ့ပေမယ့် လဝက ဌာနက ပြန်လည်ပြင်ဆင်ပေးခဲ့ခြင်းမရှိဟု ဦးနှင်းဝေက ဆိုသည်။
ဦးနှင်းဝေ ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခံရခြင်းမှာ ယခင်လဝကဌာန၏ စိစစ်မှုအားနည်းချက်များကြောင့်ဖြစ်ရသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးကျော်ဆန်းဝင်းက ဆိုသည်။
"ဌာနရဲ့မှားယွင်းဖြည့်သွင်းမှုတွေဟာ ဌာနရဲ့အားနည်းချက်တွေ၊ လုပ်ဆောင်ပေးရမယ့်ဝန်ဆောင်မှုအားနည်းချက်တွေ အများကြီးတွေ့ရတယ်။ ကျွန်တော့်ရဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားမှာဆို ကျွန်တော့် အဖအမည်မှာ ဦးခင်မောင် (ခေါ်) ဦးသောင်းရွှေလို့ ထည့်ထားတယ်ပေါ့ဗျာ။ ဦးခင်မောင်သည် တစ်ယောက်၊ ဦးသောင်းရွှေသည် တစ်ယောက်ဖြစ်တယ်။ ကျွန်တော့်မိဘသည် အိမ်ထောင်သုံးဆက်ရှိခဲ့တယ်။ ကျွန်တော်က နောက်ဆုံးတစ်ဆက်ဖြစ်တယ်။ ဒုတိယတစ်ဆက်သည် ဦးခင်မောင် တရုတ်ပေါ့ ။ ဦးသောင်းရွှေသည် နောက်ဆုံးအဆက်ဖြစ်တဲ့ ဗမာပေါ့ဗျာ။ ကျွန်တော်က ဗမာဆိုတဲ့အချက်နဲ့ ၂၀၁၀မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့တယ်။ ၂၀၁၀ ကနေ ၂၀၁၅ ထိဆောင်ရွက်ခဲ့တယ်။ ဘာပြသနာမှမရှိခဲ့ပါဘူး။  ၂၀၁၅ မှာလည်း ကျွန်တော်အရွေးချယ်ခံတယ် ဘာပြသနာမှမရှိခဲ့ပါဘူး။ " ဟု ဦးနှင်းဝေက ပြောသည်။
ဦးနှင်းဝေသည် မယ်စဲ့မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး ဥက္ကဌအဖြစ်လည်း တာဝန်ယူထားခြင်းဖြစ်ရာ ကိုယ်စားလှယ်လောင်းအဖြစ် ပယ်ဖျက်ခံရသော်လည်း ပါတီအောင်နိုင်ရေးကိစ္စများကို ဆက်လက်ဆောင်ရွက်မည်ဟု သိရသည်။
မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) တွင် ပါတီ (၇)ခုမှ ကိုယ်စားလှယ်လောင်း (၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သော်လည်း ဦးနှင်းဝေကို အောက်တိုဘာလ (၃)ရက်နေ့မှစ၍ ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းလိုက်သဖြင့် ပါတီ (၆)ခုမှ ကိုယ်စားလှယ်လောင်း (၆)ဦးသာ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~