ဒီးမော့ဆိုမြို့အား အာဏာသိမ်းစစ်ကောင်စီတပ်မှ  အရပ်လေးမျက်နှာ စစ်ဖွင့်၍ ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ကြောင်း KNDF ထုတ်ပြန်

ဒီးမော့ဆိုမြို့အား အာဏာသိမ်းစစ်ကောင်စီတပ်မှ  အရပ်လေးမျက်နှာ စစ်ဖွင့်၍ ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ကြောင်း KNDF ထုတ်ပြန်
ဇွန် 9, 2021 | ကယား

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အား အာဏာသိမ်း စစ်ကောင်စီတပ်များမှ အရပ်လေးမျက်နှာမှ စစ်မျက်နှာ ဖွင့်၍ ထိုးစစ်ဆင် တိုက်ခိုက်ရန် လုပ်ဆောင်လာနေကြောင်း ယနေ့ ဇွန်လ(၉)ရက်နေ့တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)က သတင်းထုတ်ပြန်ထားသည်။ 

ဒီးမော့ဆိုမြို့၏ အရှေ့ဖက် ဖြစ်သည့် (၆)မိုင်စံပြမှ ဒီးမော့ဆိုမြို့နားရှိ ကျေးရွာအုပ်စုများထိ တပ်စွဲထားပြီး မြောက်ဘက်မှ နန်းမယ်ခုံမြို့ မှ အိုကေကျေးရွာထိ စစ်ကြောင်းများရောက်ရှိနေပြီး တောင်ဖက်ဖြစ်သည့် ထွီလီးဘီလာကျေးရွာနှင့် ဆိုဒဲ့ခူကျေးရွာများတွင် တပ်ဆွဲထားကာ  အနောက်ဖက်ဖြစ်သည့် ဆီးဘူးကျေးရွာမှ လိုဘာခိုကျေးရွာထိ စစ်ကြောင်းများ ချီတက်လာခြင်းများကြောင့်  အရပ်လေးမျက်နှာ စစ်ဖွင့်၍ ထိုးစစ်ဆင်လာမည့် အရိပ်အယောင်ရှိနေကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)မှ သတင်းထုတ်ပြန်သည်။ 

ယနေ့ ဇွန်လ (၉)ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု မရှိခဲ့သော်လည်း စစ်ကောင်စီတပ်မှ လမ်းသွားလမ်းလာ ပြည်သူများကို လိုက်လံ ပစ်ခတ်ခဲ့ခြင်းများရှိခဲ့ပြီး စစ်ကြောင်းများ အရပ်လေးမျက်နှာဖွင့်၍ လာနေခြင်းကြောင့် ဒီးမော့ဆိုမြို့နှင့် နီးသည့် စစ်ရှောင်စခန်းများနှင့် ဒေသခံများမှာ အထူးစိုးရိမ်လျှက်ရှိကြောင်းသိရသည်။ 

ဒီးမော့ဆိုမြို့အား အကြမ်းဖက် စစ်ကောင်စီ မှ အရပ်လေးမျက်နှာ စစ်ကြောင်းဖွင့်၍ ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ခြင်းကြောင့် မြို့ထဲတွင် ကျန်ရှိသော ဒေသခံများ အနေဖြင့် လုံခြုံရေးသတိရှိကြရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်သားများအနေဖြင့်လည်း လူထုအား ကာကွယ်ရန် လုံခြုံရေး သတိရှိကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)က သတိပေးထားသည်။