ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းမှ Covid-19 အတည်ပြုလူနာ (၁၀)ဦးအနက် (၄)ဦးမှာ ဆေးရုံသီးသီးတွင် ကုသမှုခံယူနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းမှ Covid-19 အတည်ပြုလူနာ (၁၀)ဦးအနက် (၄)ဦးမှာ ဆေးရုံသီးသီးတွင် ကုသမှုခံယူနေ
အောက်တိုဘာ 21, 2020
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းမှ Covid-19 အတည်ပြုလူနာ (၁၀)ဦးအနက် (၄)ဦးမှာ ဆေးရုံသီးသီးတွင် ကုသမှုခံယူနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်း၌ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့မှစ၍ အောက်တိုဘာလ (၂၀)ရက်နေ့အထိ  COVID 19 အတည်ပြုလူနာစုစုပေါင်း (၁၀)ဦးတွေ့ရှိရသည့်အနက် လက်ရှိတွင် ကုသမှုခံယူနေသည့် အသက် (၂)နှစ်အရွယ် အတည်ပြုလူနာ ကလေးငယ် အပါအဝင် (၄)ဦးသည် ဆေးရုံများတွင် ကုသမ၍ခံယူနေလျက်ရှိကြောင်း သိရသည်။  
“ မနေ့က အတည်ပြုလူနာ (၂) နှစ်ကလေးကတော့ မိုင်းပျဉ်းမြို့နယ်ဆေးရုံမှာပဲ ကုသပေးနေတယ်။ လူနာအားလုံး အခြေအနေကောင်းပါတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လက်ရှိကုသမှုခံယူနေဆဲ အတည်ပြုလူနာများမှာ မိုင်းပျဉ်းပြည်သူ့ဆေးရုံတွင် (၁) ဦး၊ ကျိုင်းတုံပြည်သူ့ဆေးရုံတွင် (၁) ဦး၊ မိုင်းတုံပြည်သူ့ဆေးရုံတွင် (၁) ဦးနှင့် မိုင်းဆတ်ပြည်သူ့ဆေးရုံတွင် (၁) ဦးတို့ ကုသမှုခံယူနေခြင်းဖြစ်သည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၌ ပထမဆုံး Covid-19 အတည်ပြုလူနာအဖြစ် တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၌ ရန်ကုန်မှ ပြန်လာသည့် အမျိုးသားတစ်ဦး(Case 64) အား ၂၀၂၀ ခုနှစ် ဧပြီလ(၁၅)ရက်နေ့က လည်းကောင်း၊ ဒုတိယမြောက်လူနာအဖြစ် တာချီလိတ်မြို့မှ အမျိုးသားတစ်ဦး(Case 96)အား လည်းကောင်း၊ တတိယမြောက်အဖြစ် တာချီလိတ်မှ အမျိုးသမီးတစ်ဦး (Case 112) အားလည်းကောင်းတွေ့ရှိရပြီး အဆိုပါ အတည်ပြုလူနာ (၃)ဦးလုံးမှာ ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသမှုခံယူပြီး သက်သာပျောက်ကင်းသွားခဲ့ပြီဖြစ်သည်။
ဒုတိယမြောက် Covid-19 ထပ်မံဖြစ်ပွားချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  အထူးဒေသ(၄)ရှိ ဆီလူးမှ စိုက်ပျိုးရေးခြံလုပ်သား အမျိုးသား(၃)ဦး ( case 1209, case 1210 , case 1211 ) တို့အား စက်တင်ဘာလ (၅) ရက်နေ့က Covid-19 တွေ့ရှိရသဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ကုသပေးကာ ဆေးရုံဆင်းခွင့်ရသွားခဲ့ကြပြီဖြစ်သည်။
ဆက်လက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ (၇)ဦးမြောက် Covid-19 အတည်ပြုလူနာအဖြစ် တောင်ကြီးမှ ပြန်လာသည့် ကုန်ပစ္စည်းတင်ယာဉ်၏ ယာဉ်မောင်းကို မိုင်းတုံမြို့အဝင်၌ အောက်တိုဘာလ(၁၂)ရက်နေ့က လည်းကောင်း၊ အဆိုပါ ယာဉ်မောင်းနှင့် ထိတွေ့သည့် မိုင်းဆတ်မြို့မှ အမျိုးသားတစ်ဦးကို အောက်တိုဘာလ(၁၂)ရက်နေ့ ညပိုင်းတွင်လည်းကောင်း၊ အဆိုပါ ယာဉ်မောင်းအား ဓာတ်ခွဲနမူနာရယူစစ်ဆေးပေးသည့် မိုင်းတုံမြို့မှ ကျန်းမာရေးဝန်ထမ်း အမျိုးသားတစ်ဦးတွင် အောက်တိုဘာလ(၁၄)ရက်နေ့ ညကလည်းကောင်း Covid-19 ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ခဲ့ရခြင်းဖြစ်သည်။
အဆိုပါ အတည်ပြုလူနာ (၃)ဦးအနက် အခြားရောဂါအခံရှိသည့် ကျန်းမာရေးဝန်ထမ်းအား ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးနေပြီး ကျန်လူနာ (၂)ဦးကို သက်ဆိုင်ရာ မြို့နယ်များရှိ ပြည်သူ့ဆေးရုံများ၌ ကုသပေးနေခြင်းဖြစ်သည်။
ယင်းနောက် ကျိုင်းတုံခရိုင်၊  မိုင်းပျဉ်းမြို့တွင် ရန်ကုန်မှပြန်လာသည့် မိသားစုအား Quarantine ထားရှိရာမှ အသက်(၂)နှစ်အရွယ် မိန်းကလေးငယ်တွင် Covid-19 ကူးစက်ခံထားရသည်ကို ၂၀၂၀ခုနှစ် အောက်တိုဘာလ(၂၀)ရက်နေ့က စစ်ဆေးတွေ့ခဲ့ရသဖြင့် မိုင်းပျဉ်းပြည်သူ့ဆေးရုံ၌ ကုသပေးနေခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~