အထူးဒေသ(၄) ဆီလူးဒေသမှ အတည်ပြုလူနာ (၄) ဦးနှင့် ထိတွေ့သူများကို ဒုတိယအကြိမ် ဓာတ်ခွဲနမူနာရယူစစ်ဆေး

အထူးဒေသ(၄) ဆီလူးဒေသမှ အတည်ပြုလူနာ (၄) ဦးနှင့် ထိတွေ့သူများကို ဒုတိယအကြိမ် ဓာတ်ခွဲနမူနာရယူစစ်ဆေး
စက်တင်ဘာ 15, 2020
By Tachileik News Agency

အထူးဒေသ(၄) ဆီလူးဒေသမှ အတည်ပြုလူနာ (၄) ဦးနှင့် ထိတွေ့သူများကို ဒုတိယအကြိမ် ဓာတ်ခွဲနမူနာရယူစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းနှင့် ကျိုင်းတုံမြို့များတွင် အထူးဒေသ(၄) ဆီလူးမှ အတည်ပြုလူနာများနှင့် ထိတွေ့သူများအား ဒုတိယအကြိမ် ဓာတ်ခွဲနမူနာ ရယူခြင်းနှင့် မိုင်းဆတ်တွင် အသွားအလာကန့်သတ်ထားသည့် ရန်ကုန်မှလာသူများအား ဓာတ်ခွဲနမူနာရယူခြင်းကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့က ဆောင်ရွက်နေပြီဖြစ်သည်။
"အတည်ပြုလူနာနဲ့ ထိတွေ့သူတွေကို ဒုတိယအကြိမ် ဓာတ်ခွဲနမူနာစစ်ဆေးမှာဆိုတော့ ဒီနေ့ မိုင်းယန်းနဲ့ ကျိုင်းတုံက ဒုတိယအကြိမ် sample (ဓာတ်ခွဲနမူနာ)တွေ ယူနေပြီ။ နောက် မိုင်းဆတ်ကတော့ ရန်ကုန်ကပြန်လာတာတွေကို quarantine ထား ထားတယ်။ ကျိုင်းတုံဆေးရုံက စောင့်ကြည့်လူနာ ရန်ကုန်ကလာတဲ့ (၂)ယောက်ကိုတော့ ဟိုတယ် quarantine ထား ထားပါပြီ။ သူတို့က ဓာတ်ခွဲထပ်စစ်ဖို့ မလိုတော့ဘူး"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။
အထူးဒေသ(၄) ဆီလူးဒေသစိုက်ခင်းမှ အတည်ပြုလူနာနှင့် ထိတွေ့သူများအား မိုင်းယန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ဓာတ်ခွဲနမူနာများရယူပေးနေခြင်းဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ အထူးဒေသ (၄) ဆီလူးဒေသရှိ စိုက်ခင်းတွင် ရခိုင်ပြည်နယ်မှ လာရောက် အလုပ် လုပ်ကိုင်သူများအနက် (၆)ဦးကို ဓာတ်ခွဲနမူနာရယူစစ်ဆေးရာ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့၌ (၃)ဦးတွင် COVID 19 ပိုးတွေ့ရပြီး စက်တင်ဘာလ (၈)ရက်နေ့၌ နောက်ထပ်အတည်ပြုလူနာ (၁)ဦး ထပ်တိုးလာခြင်းဖြစ်သည်။
စက်တင်ဘာလ (၅)ရက်နေ့၌ ဓာတ်ခွဲနမူနာရခဲ့သဖြင့် စိုက်ခင်းတွင် အလုပ်အတူလုပ်နေသူ (၆၀)ကျော်အပါအဝင် ရခိုင် - ရန်ကုန် - ကျိုင်းတုံ -ဆီလူးသွားရာလမ်းတစ်လျှောက် ထိတွေ့သူ စုစုပေါင်း (၁၃၈)ဦးကို ပထမအကြိမ် ဓာတ်ခွဲစစ်ဆေးခဲ့ရာ အားလုံးတွင် ပိုးမတွေ့ရကြောင်း ဓာတ်ခွဲအဖြေရထားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဆီလူးမှအတည်ပြုလူနာ (၄)ဦးကို ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ကုသပေးနေပြီး ကျိုင်းတုံဆေးရုံ၌ စောင့်ကြည့်လူနာများ အဖြစ် သတ်မှတ်ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့သည့် ရန်ကုန်မှလာသည့် သတင်းထောက် (၂)ဦးမှာလည်း ပြန်လည်ကျန်းမာလာပြီးဖြစ်၍ ဟိုတယ် quarantine ထားရှိပြီဖြစ်ကြောင်း သိရသည်။
ဆီလူးဒေသစိုက်ခင်းတွင် အလုပ်လုပ်ကိုင်နေသူများအနက် အတည်ပြုလူနာ (၄)ဦးတွေ့ရသည့်အဖွဲ့မှာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှလာရောက်သူများဖြစ်ပြီး သြဂုတ်လ (၉)ရက်နေ့က Air Thanlwin လေကြောင်းလိုင်းဖြင့် ရန်ကုန် - ကျိုင်းတုံခရီးစဉ် စီးနင်းလာသူများဖြစ်ပြီး ကျိုင်းတုံမှတစ်ဆင့် ဆီလူးဒေသသို့ ကားငှားသွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - Kyaw Kyaw Paing Myat
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~