တာချီလိတ်မြို့တွင် Live လွှင့်၍ ဟုဆိုကာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးပြီး ၅၀၅(က)ဖြင့် အမှုဖွင့်

တာချီလိတ်မြို့တွင် Live လွှင့်၍ ဟုဆိုကာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးပြီး ၅၀၅(က)ဖြင့် အမှုဖွင့်
မတ် 27, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် စစ်အာဏာသိမ်းအဖွဲ့၏ တပ်နှင့်ရဲမှ ရပ်ကွက်အတွင်း လိုက်လံရှာဖွေကင်းလှည့်မှုများ လုပ်နေသည်ကို Live လွှင့်သည်ဟုဆိုကာ ရှာဖွေဖမ်းဆီးပြီး ၅၀၅(က)ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

 ယနေ့ မတ်လ(၂၇)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် ပါလျှံ(၁)တွင် အာဏာသိမ်းအဖွဲ့၏ တပ်နှင့်ရဲတို့က သံသယနေအိမ်များအား သွားရောက်ရှာဖွေမှုများ ပြုလုပ်နေသည်ကို တစ်ဖက်နေအိမ်မှတဆင့် မဝင်းသူဇာသည် Faebook ကနေ live လွှင့်သည့်အတွက် ၎င်းအား သွားရောက်ရှာဖွေကာ ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အသက်(၂၂)နှစ်ရှိ မဝင်းသူဇာအား တာချီလိတ်မြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

အမှုဖွင့်လိုက်ပြီးနောက် မိသားစုနှင့်ဆက်သွယ်ခွင့်မရသေးဘဲ ကျိုင်းတုံထောင်သို့ ပို့ရန်ပြင်ဆင်နေကြောင်းလည်း သိရသည်။