ကျောက်မဲမြို့နယ်၏ Covid-19 တတိယလှိုင်းအတွင်း အတည်ပြုလူနာ သေဆုံးသူ (၅၄)ဦးအထိရှိနေ

ကျောက်မဲမြို့နယ်၏ Covid-19 တတိယလှိုင်းအတွင်း အတည်ပြုလူနာ သေဆုံးသူ (၅၄)ဦးအထိရှိနေ
စက်တင်ဘာ 1, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် နှစ်ရက်အတွင်း Covid-19  ပိုးတွေ့လူနာ (၅) ဦးသေဆုံးသဖြင့်  ခရိုင်ပြည်သူ့ဆေးရုံစာရင်းအရ သေဆုံးအတည်ပြုလူနာစုစုပေါင်း ( ၅၄ ) ဦးအထိ  ရှိနေကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် တတိယလှိုင်းအတွင်း ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့အထိ Covid-19  ပိုးတွေ့သူ စုစုပေါင်း ( ၈၂၃ ) ဦးရှိသည့်အနက် ဆေးရုံတွင် ကုသရင်းသေဆုံးရသူ (၅၄)ဦး ရှိခြင်းဖြစ်သည်။

ကျောက်မဲမြို့နယ်၌ ဇွန်လ (၂၀) ရက်နေ့က စတင်သည့် Covid-19  တတိယလှိုင်းအတွင်း ပိုးတွေ့ရသူများသဖြင့် ကုသဆောင်များ မလုံလောက်သဖြင့်  နေအိမ်များတွင်သာ မိမိအစီအစဉ်ဖြင့် ကုသနေကြသူများလည်းရှိရာ နေအိမ်တွင် ကုသရင်းသေဆုံးသည့် အတည်ပြုလူနာနှင့်  Covid-19  စစ်ဆေးခြင်းမရှိဘဲ သေဆုံးမှုများမှာ ခရိုင်ပြည်သူ့ဆေးရုံရှိ အတည်ပြုလူနာသေဆုံးစာရင်းတွင် မပါဝင်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း ဇွန်လ (၂၀) ရက်နေ့မှစ၍ Covid-19  တတိယလှိုင်းအဖြစ် စတင်ဖြစ်ပွားခဲ့ပြီး မြို့နယ်အတွင်း  ကျောက်မဲမြို့နှင့် နောင်ပိန်ကျေးရွာတို့တွင် အများဆုံးကူးစက်မှုဖြစ်ပွားသည်။

ကျောက်မဲမြို့နယ်အတွင်း သံသယလူနာများ စစ်ဆေးရန် ပို့ဆောင်ပေးခြင်း၊ အတည်ပြုလူနာများ ပို့ဆောင်ခြင်းနှင့် အတည်ပြုလူနာအပါအဝင် အခြားရောဂါဖြင့် သေဆုံးခြင်းများကို သဂြိုလ်ပေးခြင်းများကို လူမှုကူညီရေးအသင်းများက အဓိကလုပ်ဆောင်ပေးနေကြခြင်းဖြစ်သည်။