ကယားပြည်နယ်လွှတ်တော်တွင် ပြည်နယ်ဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်ခြင်းအား အတည်ပြု

ကယားပြည်နယ်လွှတ်တော်တွင် ပြည်နယ်ဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်ခြင်းအား အတည်ပြု
စက်တင်ဘာ 1, 2020
By Tachileik News Agency
ကယားပြည်နယ်လွှတ်တော်တွင် ပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ခြင်းအား အတည်ပြု
ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် အဆိုတင်သွင်းမှု အစီရင်ခံစာကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့၌ ကယားပြည်နယ်လွှတ်တော်တွင်  တင်သွင်းရာ ထောက်ခံမဲ (၁၆)မဲ၊ ကန့်ကွက်မဲ (၄)မဲဖြင့် အဆိုကို အတည်ပြုလိုက်ပြီဖြစ်၍ ဝန်ကြီးချုပ်တာဝန်မှ ရပ်နားရန် သမ္မတထံ ဆက်လက်တင်ပြမည်ဖြစ်သည်။
"ဥပဒေ၊ စည်းမျဉ်းစည်းကမ်းဆိုတာ ကျွန်တော်တို့ မူဝါဒတွေနဲ့အညီ စနစ်တကျစီမံဖို့ဆိုတာ ရှိပြီးသား။ ဒီအပေါ်မှာ ကျွန်တော့်အနေနဲ့ အများကြီး မပြောဘူး။ ကျွန်တော် ချပြစေချင်တာက ပြည်သူတွေအပေါ်မှာ အမှန်တရားတစ်ခုပဲ ချပြစေချင်တယ်။ အမှန်တရားတစ်ခုဆိုတာ ကျွန်တော်တို့ ခရီးဆုံးပန်းတိုင်တစ်ခုရောက်တာနဲ့ ပေါ်လာမှာ။ အဲဒီလိုပေါ်လာတဲ့အခါ အဲဒီရလဒ်ကို စောင့်ကြည့်ပါလို့ပဲ ပြောချင်တယ်"ဟု လွှတ်တော်အစည်းအဝေးအပြီးတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက သတင်းမီဒီယာများမှတစ်ဆင့် ပြောကြားသည်။
ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းဝေးအား ၂၀၂၀ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့တွင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်ရန်တင်ပြခြင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိချက်အား တင်ပြ၍ လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၁၂)မဲအသာဖြင့် စွပ်စွဲပြစ်တင်ခြင်းအား အတည်ပြုလိုက်ခြင်းဖြစ်သည်။
ပြည်နယ်လွှတ်တော်မှ အတည်ပြုချက်နှင့်ပတ်သက်၍ ဆက်လက်တင်ပြမှုများ ဆောင်ရွက်ရမည်ဖြစ်ရာ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖြေကြားခြင်းမပြုသေးကြောင်း လွှတ်တော်ဥက္ကဌက ဆိုသည်။
ဝန်ကြီးချုပ်အား စွပ်စွဲထားသည့် ဘဏ္ဍာရေးကိစ္စများနှင့်ပတ်သက်၍ ကတ်ဘိနက်ဆုံးဖြတ်ချက်နှင့် ဘဏ္ဍာရေးမူဘောင်နှင့်အညီဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
" ဥပဒေကြောင်းအရ ရှေ့ဆက်ဆောင်ရွက်စရာတွေ ရှိပါလိမ့်မယ်။ သုံးစွဲမှုတွေနဲ့ပတ်သက်ရင် ကတ်ဘိနက်ဆုံးဖြတ်ချက်နဲ့အညီ အမြဲသုံးစွဲတယ်။ ဘဏ္ဍာရေးမူဘောင်နဲ့အညီ စီမံဆောင်ရွက်ထားတယ်။ ဒီအပေါ်မှာ သူတို့ရဲ့ စာရင်းစစ်ဆေးမှုအဖွဲ့ဟာ တရားလိုက တရားခံပြန်လုပ်နေတဲ့ စစ်ဆေးမှုတွေဖြစ်တဲ့အတွက်ကြောင့် ဘောင်ဝင်မှာလည်းမဟုတ်ပါဘူး"ဟု လွှတ်တော်အစည်းအဝေးအပြီးတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောသည်။
ပြည်နယ်လွှတ်တော်တွင် စွပ်စွဲပြစ်တင်သည့်အဆိုအောင်မြင်သွားပြီဖြစ်၍ နိုင်ငံတော်သမ္မတထံ အဆင့်ဆင့် တင်ပြပြီး ဝန်ကြီးချုပ်အား ရာထူးတာဝန်မှ နားရန်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
"လောလောဆယ်ကတော့ ဒီအစီရင်ခံစာအောင်သွားတော့ ဥက္ကဌကတစ်ဆင့် နိုင်ငံတော်သမ္မတဆီ တင်ပြပြီး ဒီဝန်ကြီးချုပ်ရာထူးကနေ နားဖို့အတွက် တင်ပြပြီး ဝန်ကြီးချုပ်တာဝန်ကနေ သူနားရမှာဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်ကနေ နားရမယ်၊ မနားရမယ်ဆိုတာ နောက်တစ်ပိုင်းပေါ့။ အကယ်၍ နှစ်ခုလုံးကနားမယ်ဆိုရင်တောင် နောက်ရွေးကောက်ပွဲမှာ သူဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိပါတယ်။ အခုစွပ်စွဲတာတွေက အဂတိမမြောက်ဘူးဆိုရင်ပေါ့။ အကယ်၍ အဂတိမြောက်တယ်ဆိုရင်တော့ အရေးယူခံရမယ်ဆိုတော့ သူ့အတွက် အဟန့်အတားဖြစ်မှာပေါ်နော်"ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဌ ဦးသဲရယ်က ပြောသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅) ၊ပုဒ်မ ၂၆၃(က)ပါ ပြဌာန်းချက်များကို  ဖောက်ဖျက်ကျူးလွန်သဖြင့်  ပြည်နယ်လွှတ်တော်ဥက္ကဌ မှ အရေးယူဆောင်ရွက်ပေးရန် ကယားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၅)ဦးဖြစ်သည့် ဦးခင်မောင်ထွန်း၊ ဦးသဲရယ်၊ ဦးသိန်းအောင်၊ ဦးစိုးရယ်နှင့် ဦးအေးရွှေတို့က လက်မှတ်ရေးထိုး တင်ပြခဲ့သဖြင့် ပြည်နယ်လွှတ်တော် ဥက္ကဌက သြဂုတ်လ (၁၄)ရက်နေ့တွင် အဆိုပါကိစ္စအတွက် လွှတ်တော်ကိုယ်စားလှယ် (၅)ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် စွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုးသူ (၃) ဦးပြန်လည်ပါဝင်ပြီး စွပ်စွဲပြစ်တင်ရန် လက်မှတ်ထိုးထားသူ ဦးသဲရယ်ကို အဖွဲ့ဥက္ကဌအဖြစ် တာဝန်ပေးထားခြင်းဖြစ်သည်။
ယင်းနောက် စွပ်စွဲပြစ်တင်ရန် လက်မှတ်ထိုးထားသူ (၅)ဦးအနက်မှ ဦးသိန်းအောင်က စွပ်စွဲပြစ်တင်စာ လက်မှတ်ရေးထိုးတင်ပြသည့်အဖွဲ့မှ နှုတ်ထွက်သွားခဲ့ပြီး သြဂုတ်လ (၂၅)ရက်နေ့က ဝန်ကြီးချုပ်အား မေးမြန်းရာတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်ဖြစ်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်ခိုင်စိုးက အခြားနေရာတွင် တာဝန်ထမ်းဆောင်ရှိသည်ဟုဆိုကာ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ နှုတ်ထွက်သွားပြီဖြစ်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ နှုတ်ထွက်ခဲ့သည်။
ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုး တင်ပြချက်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းပေးထားသည့်အဖွဲ့တွင် ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးသဲရယ်က ဥက္ကဌ၊ ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးခင်မောင်ထွန်း (ခ)နော်အီးက အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအဖြစ် ဘောလခဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုးရယ်၊ ဖားဆောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ ဦးရန်နိုင်ဆွေနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး အောင်ခိုင်စိုးတို့ပါဝင်ခြင်းဖြစ်သည်။
  Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~